သံလွင်ခက်
နိုဝင်ဘာ ၂၀၊၂၀၂၄။
တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်တွင် အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားရှိ ဆိုင်ခန်းများကို ကျူးကျော်ဆိုင်များဟု ဆိုကာ ဖျက်သိမ်းခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက် မနက်ပိုင်းက သုံးဘီးယာဉ်ဖြင့် လမ်းပေါ်ကင်းပတ်လာသော ပြည်သူ့စစ်အဖွဲ့သည် အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် ကြားဖြတ်တိုက်ခိုက်ပြီးနောက် ထိုနေရာအနီးရှိ ဆိုင်ခန်းများကို သုံးရက်အတွင်း ဖျက်သိမ်းရန် ပြောဆိုလာခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အဖွဲ့အစုံဆင်းလာပြီး အထောက်အထားမရှိတဲ့ ဆိုင်လေးတွေကိုဖျက်ပစ်တာ ။ ကျူးကျော်ပုံစံမျိုးနဲ့ ဖျက်ခိုင်းတာ” ဟု ၎င်းကပြောသည်။
ယခုဖျက်သိမ်းခိုင်းသည့် အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် ဆိုင်ခန်း ၁၅ ခန်းရှိပြီး လွန်ခဲ့သည့် ၅ နှစ်ကျော် ကတည်းက မြေပိုင်ရှင်ဒေသခံများ ဆိုင်ခန်းဆောက်လုပ်ကာ ငှားရမ်းထားသည့် ဆိုင်ခန်းများ ဖြစ်သည်ဟု သိရသည်။
နောက်ထပ်ဒေသခံတစ်ဦးက “ ဘယ်နှစ်ဆိုင်ဖျက်ခိုင်းတာလည်းတော့ မသိသေးဘူး။တချို့ဆိုင်တွေ ပစ္စည်းတွေသယ်နေကြတာတော့ တွေ့တယ်” ဟု ဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်က အိမ်ရှေ့ပြင်နှင့် ဆင်ဆိပ်ကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် သုံးဦး ထက်မနည်း သေဆုံးပြီး သုံးဘီးမောင်နှင်လာသူလည်း သေဆုံးခဲ့သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
လတ်တလောတွင် ထိုနေရာအနီးတဝိုက်၌ စစ်ကောင်စီတပ်သားများ လုံခြုံရေးအပြည့် ယူထားကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-အိမ်ရှေ့ပြင်ရပ်ကွက် လမ်းဆုံ(ပုံအဟောင်း)