ဘုန်းမောင်
နိုဝင်ဘာ ၁၂၊ ၂၀၂၄။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စတင်ကျူးကျော်တိုက်ခိုက်ခဲ့လေသည်။ အဆိုပါကျူးကျော်မှုက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ဖြစ်ပွားခဲ့သော ရုရှား- ယူကရိန်း စစ်ပွဲ၏ အမြင့်မားဆုံးသောအခြေအနေဖြစ်လာခဲ့သည်။
ယူကရိန်းကိုတိုက်ခိုက်ရန် မြောက်ကိုရီးယားနိုင်ငံကလည်း တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဝန်းကျင်ကို ရုရှားနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့သောအောက်တိုဘာလနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းပါဝင်တိုက်ခိုက်ရန်အတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအား ရုရှားနိုင်ငံသို့စေလွှတ်နေခြင်းက နိုင်ငံတကာလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတရုံးက အောက်တိုဘာလ ၁၈ ရက်တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
သို့ဆိုပါလျှင် မြောက်ကိုရီးယားနိုင်ငံက ရုရှားသို့ ၎င်း၏တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိစေလွှတ်ထားခြင်းအပေါ် အရှေ့တောင်အာရှနိုင်ငံများက စိုးရိမ်သင့်ပါသလား? ဟူသော မေးခွန်းတစ်ရပ်ထွက်ပေါ်လာပါသည်။
ထိုမေးခွန်း၏အဖြေက ရှင်းလင်းလွန်းသည်။ ဟုတ်၏။ မြောက်ကိုရီးယားနိုင်ငံကရုရှားသို့ ၎င်း၏တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိစေလွှတ်ထားခြင်းအပေါ် အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်သင့်ပါသည်။ အဘယ်ကြောင့်ဆို သော် ယနေ့ကဲ့သို့သော ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီးတွင် ဒေသတစ်ခု၏ လုံခြံရေးဆိုင်ရာဒိုင်းနမစ် အပြောင်းအလဲများက အခြားဒေသများအပေါ်သို့လည်း ဆိုးဆိုးရွားရွားသက်ရောက်မှုများရှိနေသောကြောင့် ဖြစ်ပေသည်။
မြောက်ကိုရီးယားနိုင်ငံ၏ဤအပြုအမူက ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများတိုးလာစေရုံသာမက ရုရှား- ယူကရိန်းစစ်ပွဲကိုရှည်ကြာစေမည့် ခြိမ်းခြောက်မှုလည်းဖြစ်နေသောကြောင့် ရုရှားသို့ မြောက်ကိုရီး ယားတပ်ဖွဲ့များဖြန့်ကျက်ထားခြင်းက ဖော်ပြပါအဖြစ်မှန်များကိုလည်း အလေးအနက်ကိုယ်စားပြုနေပါသည်။
ရုရှားနိုင်ငံနှင့်အတူပူးပေါင်းပြီး ကျူးကျော်စစ်ပွဲတွင် ပူးတွဲသူပုန်ဖြစ်လာရန် မြောက်ကိုရီးယား၏ကြီးမားသောဆုံးဖြတ်ချက်က အရှေ့မြောက်အာရှ (ဂျပန်၊ တောင်ကိုရီးယား) လုံခြုံရေးအပေါ်ကိုလည်း မည်သို့အကျိုးသက်ရောက်ခဲ့ပါသနည်း။
မြောက်ကိုရီးယားနိုင်ငံကရုရှားနိုင်ငံသို့ တပ်ဖွဲ့ဝင်အများအပြားစေလွှတ်လျက်ရှိသည့်အပြင် တာတိုပစ်ပဲ့ ထိန်းဒုံးကျည်များ၊ အမြောက်ကျည်များအပါအဝင် အခြားသောစစ်ရေးအကူအညီများပေးနေကြောင်း ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့က ထုတ်ဖော်ပြောကြားခဲ့ကြသည်။ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် အခက်အခဲအကြပ်အတည်းပေါင်းစုံနှင့်ရင်ဆိုင်နေရသော မြောက်ကိုရီးယားအစိုးရထံသို့လည်း ရုရှားနိုင်ငံက စားနပ်ရိက္ခာ၊ ဆီနှင့် ငွေကြေးအကူအညီများပေးလျက်ရှိသည်။
ပို၍စိုးရိမ်စရာကောင်းသည်မှာ ပြုံယမ်းအစိုးရကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒုံးပျံ၊ ဂြိုဟ်တုနှင့် ရေငုပ်သင်္ဘောပရိုပရမ်ပိုင်းတွင် တိုးတက်မှုများရှိလာစေရန် မော်စကိုက နည်းပညာပိုင်ဆိုင်ရာအသိပညာများ ပေးဆောင်နေပုံပေါ်သည်။ ရုရှား၏ယူကရိန်းကျူးကျော်စစ်တွင် ယူကရိန်းတပ်များကိုတိုက်ခိုက်ရန် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအားစေလွှတ်မည်ဆိုပါက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အဖိုးမဖြတ်နိုင်သော တိုက်ခိုက်ရေးအတွေ့အကြုံများရရှိနိုင်မည်ဖြစ်သည်။
ရုရှား၏ဖလှယ်ရေးအစီအစဥ်များက ကုလသမဂ္ဂ၏အရေးယူပိတ်ဆို့မှုများကိုချိုးဖောက်ရုံသာမက တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုကိုခြိမ်းခြောက်နိုင်သော မြောက်ကိုရီးယားနိုင်ငံ၏ နျူလက်နက်အစီအစဥ်ကိုလည်း အားကောင်းစေမည်ဖြစ်သည်။
ပြုံယမ်းနှင့်မော်စကိုတို့အကြား ဆက်ဆံရေးတိုးလာနေခြင်းက စိုးရိမ်စရာမဟုတ်ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာလ ၁ ရက်တွင်ပြောကြားခဲ့သည်။ ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်သောကြောင့် ၎င်းတို့နှစ်နိုင်ငံကြားဆက်ဆံရေးတိုးလာခြင်းက ၎င်းတို့ကိစ္စသာဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ကဆိုသည်။
မည်သို့ပင် ဆိုစေကာမူ ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံများအနေဖြင့် ၎င်းတို့၏ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများလျှော့ချရန် ဘေဂျင်းကဖိအားပေးမည်ဟု မျှော်လင့်ရန်မဖြစ်နိုင်ပေ။ ရလဒ်အနေဖြင့်ဆိုရလျှင်မူတောင် ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ကတစ်ဖက်၊ ရုရှား၊ မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တစ်ဖက် အသီးသီးရပ်တည်နေကြပြီး အဆိုပါနိုင်ငံများကြား တင်းမာမှုများမြင့်တက်နေပါသည်။
ပြုံယမ်းကလွဲပြီး အထက်ဖော်ပြပါနိုင်ငံများအားလုံးသည် အာဆီယံ၏ အဓိကဆွေးနွေးဖက်နိုင်ငံများဖြစ်ကြပြီး ၎င်းတို့အကြားသဘောထားကွဲလွဲမှုက အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကဲ့သို့သော အာဆီယံဦးဆောင်သည့် လုံခြုံရေးဆိုင်ရာဖိုရမ်များကို အားနည်းသွားစေနိုင်ပါသည်။
အာဆီယံသည် ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့်ပတ်သက်ပြီး ကာလရှည်ကြာကတည်းကပင် စိုးရိမ်ပူပန်မှုများရှိနေခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံအကြား စစ်ပွဲဖြစ်နိုင်ခြေများက ၎င်းတို့ကိုထောက်ခံသော အမေရိကန်နှင့်တရုတ်နိုင်ငံတို့အပေါ် ဖိအားများကျရောက်စေမည်သာဖြစ်သည်။
ဥပမာအနေဖြင့်ဆိုရလျှင် ပြီးခဲ့သောလက လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး တွင် အလှည့်ကျဥက္ကဋ္ဌ၏နောက်ဆုံးထုတ်ပြန်ချက်၌ “မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွတ်မှုများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း”ဖော်ပြခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင်ပဲ ကုလသမဂ္ဂ၏ဆုံး ဖြတ်ချက်များအပေါ် ပြုံယမ်းက အပြည့်အဝလိုက်နာရန်နှင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်း စင်ရေး ဦးတည်ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာအင်အားစုအားလုံးကိုတောင်းဆိုလိုက်ကြောင်း ဖော်ပြထား သည်။
မြောက်ကိုရီးယားနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ထောက်ခံမှုသည် အာဆီယံ၏အလိုအရှိဆုံးသောရလဒ်များအား လုံးကိုပျက်ပြားစေပြီး မနှစ်မြို့ဖွယ်အခြေအနေ ၃ ရပ်ကို တပြိုင်နက်တည်းဖြစ်ပေါ်စေသည်။ ၎င်းတို့မှာ ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများတိုးလာခြင်း၊ ကုလသမဂ္ဂ၏အရေးယူပိတ်ဆို့မှုများအားချိုးဖောက် ခြင်းနှင့် နျူကလီးယားမပြန့်ပွားရေးကြိုးပမ်းမှုများအားလျှော့ပေါ့လာစေခြင်းတို့ဖြစ်ကြသည်။
ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးကိုဘေးဖယ်ထားပြီး ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ရောက်ရှိလာခြင်းကြောင့် ယူကရိန်းတွင် ပဋိပက္ခများပိုမိုဆိုးရွားလာမည်ဖြစ်သလို ပိုမိုရှည်ကြာလာစေမည့် ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်ပေသည်။
စစ်သည်အင်အား ၁၀,၀၀၀ ဆိုသည်က များပြားသောပမာဏတော့လည်းမဟုတ်ပေ။ ထို့ကြောင့်လည်း အတွေ့အကြုံမရှိသေးသောတပ်ဖွဲ့ဝင်များသည် ရုရှားအသားကြိတ်စက်အတွင်း အလျင်အမြန်ပင်ပျောက်ဆုံးသွားနိုင်ပါသည်။ ရုရှားတပ်ဖွဲ့ဝင် ၁,၀၀၀ ဝန်းကျင် နေ့စဥ်ဆုံးရှုံးနေရသည်ဟုလည်း ဗြိတိန်ထောက်လှမ်းရေးကပြောသည်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အချို့သည်လည်း ၎င်းတို့တပ်ကိုစွန့်ခွာဖို့ အခွင့်အရေးတစ်ခုဖြစ်သည်။
၂၀၂၂ ခုနှစ်ကစတင်ဖြစ်ပွားခဲ့သော ရုရှား- ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သည်များဆုံးရှုံးမှုပမာဏာ နေ့စဥ်မြင့်တက်လာခဲ့သည်။
“၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကျူးကျော်မှုနောက်ပိုင်း ရုရှားတပ်ဖွဲ့ဝင် ပျမ်းမျှ ၆၅၈ ယောက် နေ့စဥ်ဆုံးရှုံးနေရတယ်” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ X (ယခင်တွစ်တာ) တွင် ဖော်ပြထားသည်။
“နှစ်စဥ်ပျမ်းမျှဆုံးရှုံးမှုပမာဏာက တိုးတိုးလာနေတယ်။ ၂၀၂၂ ခုနှစ်တုန်းကဆိုရင် ၄၀၀။ ၂၀၂၃ ခုနှစ်မှာ တော့ ၆၉၃နဲ့ ၂၀၂၄ ခုနှစ်မှာတော့ ၉၁၃ အထိတိုးလာတယ်” ဟုလည်း အဆိုပါ X ပို့စ်တွင် ဆက်လက်ဖော်ပြထားသည်။
သို့သော် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယူကရိန်းတွင်အောင်ပွဲရသည်အထိ ရုရှားကိုပံ့ပိုးကူညီသွားမည်ဟု မြောက်ကိုရီးယားကကတိပြုထားပြီး နောက်ထပ်တပ်ဖွဲ့ဝင်အများအပြား ဆက်လက်စေလွှတ်သွားနိုင်သည်။
အကယ်၍ မြောက်ကိုရီးယားကသာ ယူကရိန်းတပ်များကို စတင်တိုက်ခိုက်ခဲ့ပြီဆိုပါက ဆိုးလ်အနေဖြင့်လည်း “ယူကရိန်းအား သေစေနိုင်လောက်သော လက်နက်များတပ်ဆင်ပေးခြင်းအပါအဝင် အခြားဖြစ်နိုင် ချေများအားလုံးကို ထည့်သွင်းစဥ်းစားနေသည်” ဟု တောင်ကိုရီးယားကသတိပေးထားသည်။ အမေရိကန်ကလည်း ၎င်းတို့ထောက်ပံ့ပေးထားသောလက်နက်များအသုံးပြု၍ ရုရှားနိုင်ငံအတွင်းတိုက်ခိုက်မှုများလုပ်ဆောင်နိုင်ရန် ယူကရိန်းအပေါ်ကန့်သတ်ချက်များအား ပြန်လည်ရုပ်သိမ်းနိုင်သည်ဟုဆိုသည်။ ထိုသို့သာဆို ပါမူ မြောက်ကိုရီးယားသည် တရားဝင်ပစ်မှတ်များဖြစ်လာပေလိမ့်မည်။
ရုရှား – ယူကရိန်းစစ်ပွဲသက်ဆိုးရှည်နေခြင်းက အရှေ့တောင်အာရှအတွက် အလားအလာမကောင်းနိုင်ပါ။ ပဋိပက္ခက ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များအပေါ် အနှောင့်အယှက်ဖြစ်စေခဲ့သည့်အပြင် အစားအစာနှင့် လောင်စာစွမ်းအင်ဈေးနှုန်းများတိုးမြှင့်လာကာ ဒေသတွင်းနေထိုင်မှုစရိတ်များ မြင့်တက် လာခဲ့သည်။
ISEAS ၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်စစ်တမ်းအတွက် အီလိုက်များ၏ထင်မြင်ယူဆချက်များကောက်ယူခဲ့ရာ ဥရောပတွင်းဖြစ်ပွားနေသောစစ်ပွဲက ပထဝီနိုင်ငံရေးအရ ဒေသ၏တတိယအဆိုးရွားဆုံးစိုးရိမ်စရာအခြေအနေဖြစ်သည်။ ရုရှားသို့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များရောက်ရှိလာမှုနှင့်ပတ်သက်ပြီး အာဆီယံနှင့် ၎င်း၏အဖွဲ့ဝင် ၁၀ နိုင်ငံကတော့ ရေငုံနှုတ်ပိတ်နေနေစဲဖြစ်သည်။
ဂါဇာကမ်းမြှောင်ဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခများကလည်း အရှေ့တောင်အာရှတွင်ပို၍ ပဲ့တင်ထပ် လျက်ရှိနေသည်။ အထူးသဖြင့် မွတ်စလင်(မ်)အများစုရှိသောနိုင်ငံများတွင်ဖြစ်သည်။ ဒေသတွင်းလုံခြုံရေး အတွက် ဂယက်ရိုက်မှုများကြောင့် အာဆီယံအနေဖြင့် တစ်ခုခုလုပ်ဆောင်သင့်သော်လည်း အရှေ့တောင်အာ ရှနိုင်ငံအတွက် ရွေးချယ်ခွင့်များဆိုသည့် အမြဲတမ်းလိုလိုပင်အကန့်အသတ်ရှိနေပါသည်။ အာဆီယံအနေ ဖြင့် ရုရှားနှင့်မိတ်ဘက်ဆက်ဆံရေးကိုရပ်ဆိုင်းရန် သို့မဟုတ် အာဆီယံဒေသတွင်းဖိုရမ်များမှ မြောက်ကိုရီး ယားကိုချန်လှပ်ရန်ဆောင်ရွက်လိမ့်မည်ဟု ပိုမိုမျှော်လင့်နိုင်သည်။ ဖော်ပြပါရွေးချယ်စရာ ၂ ခုစလုံးက အဖွဲ့ ဝင်နိုင်ငံများအား ထိပ်တိုက်ရင်ဆိုင်ခိုင်းလွန်းခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။
အာဆီယံ၏ ပြောင်းလဲခြင်းမရှိ လုပ်ရိုးလုပ်စဥ်ထုတ်ပြန်ချက်ဖြစ်သော “အလွန်အမင်းစိုးရိမ်ပူပန်မိခြင်း” ကြေညာချက်နှင့် မြောက်ကိုရီးယားတပ်များ ရုရှားနိုင်ငံကဆုတ်ခွာရေးတောင်းဆိုချက်များသည် မော်စကို နှင့်ပြုံယမ်းတို့၏ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိမည်မဟုတ်သလို ၎င်းတို့သည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များနှင့်အတူရှိနေသည်ဟုလည်း နှစ်နိုင်ငံစလုံးကယုံကြည်ထားကြသည်။
အင်ဒိုနီးရှားနိုင်ငံသည် ရုရှား၊ မြောက်ကိုရီးယား ၂ နိုင်ငံစလုံးနှင့် ဆက်ဆံရေးကောင်းများရှိနေသော်လည်း ကမ္ဘာလုံးဆိုင်ရစေ့စပ်ညှိနှိုင်းရေးကြိုးပမ်းမှုများဆောင်ရွက်နေသော အင်ဒိုနီးရှားသမ္မတ Probowo Subianto ၏ ယူကရိန်းငြိမ်းချမ်းရေးအစီအစဥ်က ပြားပြားဝပ်သည်အထိပြိုလဲသွားခဲ့လေသည်။
မော်စကိုနှင့်ပြုံယမ်းတို့၏ စစ်ဘက်ဆက်ဆံရေးအဆုံးသတ်ရန်အပါအဝင် အာဆီယံ၏ကြိုးပမ်းမှုမှန်သမျှကလည်း သဲထဲရေသွန်ဖြစ်သွားခဲ့ပုံပေါ်သည်။ ယူကရိန်းတွင် ရုရှားစစ်ရှုံးတာမြင်ရဖို့ တရုတ်က စိတ်ဝင်စားပုံ မပေါ်ပေ။ သို့သော် အရှေ့တောင်အာရှနိုင်ငံများအဖို့ လက်တွေ့ကျကျဆောင်ရွက်နိုင်သည့်အစီအမံမှာ အ နည်းဆုံးအားဖြင့် ၂ ခုရှိနေသည်။
ပထမအချက်မှာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ပိတ်ဆို့အရေးယူမှုများကို တင်းတင်းကြပ်ကြပ် လိုက်နာရန်ဖြစ်သည်။ အတိတ်ကာလတုန်းကတော့ အချို့သောနိုင်ငံများသည် ကုလသမဂ္ဂ၏ပိတ်ဆို့အရေး ယူမှုများအပေါ် အခါအားလျော်စွာ လိုက်နာခဲ့ခြင်းမျိုးမရှိခဲ့ပါ။
ဒုတိယအချက်မှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂနိုင်ငံများပါဝင်သည့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူထားမှုများအားစောင့်ကြည့်မည့်အဖွဲ့တစ်ဖွဲ့ကို အမေရိကန်ကဦးဆောင် ဖွဲ့စည်းခဲ့သည်။ ရုရှားနိုင်ငံကတော့ အဆိုပါအဖွဲ့အစည်းတွင်ပါဝင်ရန် ယခုနှစ်အစောပိုင်းတွင် ငြင်းဆိုခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများသည် အဆိုပါအဖွဲ့အစည်း၏ကြိုးပမ်းမှုများ၌ ပူးပေါင်းပါဝင်ရန်ဖြစ်သည်။
ယူကရိန်းနိုင်ငံအပေါ် ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံတို့၏ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးအပေါ် အပျက်သဘောဆောင်သောသက်ရောက်မှုများကိုဆန့်ကျင်ရန် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများအားကောင်းလာစေရန်ကူညီဖို့လိုအပ်ပါ သည်။
___________
“Why Southeast Asia Should be Concerned about North Korean Troops in Russia” အား ဆီလျော် အောင်ရေးသားသည်။