နန်းဆုပန်ခန့်
နိုဝင်ဘာ ၂၀၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၃ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ နှစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်တာအတွင်း စစ်ကောင်စီစစ်တပ်မှ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး စုစုပေါင်း ၈၆ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ကျောင်းချိန်အတွင်း စာသင်ကျောင်းသို့ ဒရုန်းဖြင့်လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ လက်နက်ကြီးနှင့်ဒရုန်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ကျောင်းသူ နှစ်ဦးနှင့် ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၉ရက် နံနက်ပိုင်းတွင် တောကြောင်ပေါက်ကျေးရွာရှိ စာသင်ကျောင်းသို့ ဒရုန်းဖြင့် ပစ်ခတ်ခဲ့ဖြင့် စာသင်ယူနေသော ၁၀ နှစ်အရွယ် နော်ရွှေစင်ဦးနှင့် နော်သူမူးအင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုအပြင် ဆေးပေးခန်း၊ မူကြိုကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဒေသခံပြည်သူ၏ နေအိမ် လေးလုံး ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။
ခြေလျင်တပ်ရင်း ခလရ – ၂၆၄ တပ်ရင်း၊ သေဂေးလူ (ရင်းတိုက်ကုန်း)၊ အုန်းပင်စုကျေးရွာ၊ နရွဲပင်ကျေးရွာ၊ နတ်သံကွင်းနှင့် ကုန်းချောင်းဝမှ နေရာယူထားသော ခမရ-၃၀၇နှင့် ကျောက်ကြီးမြို့ရှိ ခမရ-၃၅၁နှင့် ခလရ-၆၀တပ်ရင်းတို့မှ ၁၂၀ မမ လက်နက်ကြီးများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ပြီး တစ်ချိန်တည်းမှာပင် စစ်ကောင်စီတပ်များသည် နောင်ကုန်းကျေးရွာနှင့် ရွာကြီးအင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ကျေးရွာတွင်းရှိ ဒေသခံပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဖော်ပြထားသည်။
ထိုသို့ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများမှ ဒေသခံ အိမ်ထောင်စု ၁၁၅၂စု၊ လူဦးရေစုစုပေါင်း ၆၄၅၁ဦးမှာ ကျန်းမာရေးနှင့် စားနပ်ရိက္ခာပြသနာများ ကြုံတွေ့နေရသည်။
ပုံစာ – စစ်ကောင်စီ၏ ၅ ရက်တာ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးမှုနှင့် ပျက်ဆီးမှုအခြေအနေ(KNU)