သံလွင်ခက်
နိုဝင်ဘာ ၂၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယမန်နေ့တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ည ၇နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဆင်းရွှေလီသကြားစက်ရုံ ဂိုထောင် မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုပြင် နောင်ချိုမြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွက် ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သား သုံးဦးဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကလည်း နောင်ချို့မြို့ကို စစ်ကောင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ-TNLA