နိုဝင်ဘာ ၁၉၊ ၂၀၂၄
လွန်ခဲ့သော ၁၀ နှစ် အတိအကျဆိုရလျှင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီသည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဌာနချုပ်အနီးသို့ လက်နက်ကြီးဖြစ်ပစ်ခတ်ခဲ့သည်။
နေ့လယ် ၁၁ နာရီခန့်တွင် စစ်တပ်က ခရာဘွမ်တောင်ကုန်းတွင် တပ်စွဲကာ ပစ်ခတ်ခဲ့သော ၁၀၅ မမ လက်နက်ကြီးကျည်ကြောင့် ဝေကြိုင်ဘွမ် KIA ဗိုလ်သင်တန်းကျောင်းရှိ လူငယ် ၂၃ ဦးသေဆုံးခဲ့ရသည်။
၂၀ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး လူငယ်အများစုမှာ အသက် ၁၈ နှစ်မှ ၂၅ အရွယ်ရှိသော တိုင်းရင်းသားလူငယ်များဖြစ်သည်။
ကျဆုံးခဲ့ရသော စာရင်းများအရ တအာင်းပလောင်(TNLA)တပ်ဖွဲ့ဝင် ၁၁ ဦး၊ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၈ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တပ်ဖွဲ့ဝင် ၂ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNF) ၂ ဦးတို့ ဖြစ်သည်။
၎င်းကျဆုံးသူများအား နိုဝင်ဘာ ၂၀ တွင်သဂြိုဟ်ခဲ့သည်။
စစ်တပ်က ၎င်းဖြစ်စဉ်အတွက် သတင်းထုတ်ပြန်ရာတွင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ရိက္ခာပို့ဆောင်ရေးအတွက် လမ်းဖောက်လုပ်နေသော စစ်ကြောင်းကို KIA က ပစ်ခတ်ခဲ့ခြင်းကြောင့် တန်ပြန်သတိပေးပစ်ခတ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
လက်ရှိ စစ်အာဏာသိမ်းကာလအတွင်း၌ ၂၀၂၃ အောက်တိုဘာလ ၉ ရက်ညပိုင်းတွင် မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၂၈ဦး သေဆုံးပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အထောက်အထားများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အတည်ပြုနိုင်သည်ဟာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်(AI) က ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ် အောက်တာဘာဘ ၂၃ ရက်တွင် စစ်ကောင်စီလေတပ်က တိုက်လေယာဉ် သုံးစင်းဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ အနမ့်ပါကျေးရွာကို ဗုံးသုံးလုံးကြဲခဲ့ရာ ပြည်သူ ၆၀ ကျော်သေဆုံးခဲ့ပြီး ၁၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။
KIA ဗိုလ်လောင်းသင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ခရာတောင် – Hka Ya Bum ကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့်ပူးပေါင်းတပ်က ယခုနှစ် မတ်လ ၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အာရက္ခတပ်တော်(AA) အနေဖြင့် အဆိုပါ ကျဆုံးဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ် ၁၀ နှစ်ပြည့်အခမ်းအနားကို စစ်ရေးနိုင်ငံရေးအခြေအနေအရ အကျဉ်းချုံးသာ ပြုလုပ်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
AA အနေဖြင့် နိုဝင်ဘာ ၁၉ ရက်ကို မည်သည့်အခါမျှ မေ့လိမ့်မည်မဟုတ်ကြောင်းနှင့် အဆိုပါလူငယ်ဗိုလ်လောင်းတို့၏ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ရမှုကို အမြဲတမ်းသတိရနေမည်ဟု ဖော်ပြထားသည်။
ဓါတ်ပုံ – AA နှင့် ၎င်းဖြစ်စဉ်သို့ ပေးပို့ခဲ့ကြသည့် သဝဏ်လွှာများ