ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၁၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့တွင် ထုတ်ပြန်သည်။
ကွတ်ခိုင်မြို့ ရပ်ကွက် (၄)တွင် ယမန်နေ့ည ၁၂နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီးခြောက်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ်ရှစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
ယမန်နေ့တစ်ရက်တည်း၌ပင် မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးရှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်တိုက်ခိုက်နေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း TNLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ-TNLA