ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၁၈၊ ၂၀၂၄။
မန္တလေးတိုင်း မိတ္ထီလာမြို့နယ်ရှိ စစ်ရေးပစ်မှတ် ၇ ခုကို မိတ္ထီလာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
မိတ္ထီလာမြို့နယ်တွင် အခြေပြုထားသည့် အမှတ် (၁၀) တပ်မတော် အကြီးစားစက်ရုံရှိ အရာရှိရိပ်သာ၊ လေကြောင်းအတတ်သင် လေတပ်စခန်းရှိ အရာရှိအိမ်ရာများ၊ ခဲယမ်းသိုလှောင်ရုံ၊ လေယာဥ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်ရှိ အရာရှိရိပ်သာများ၊ ရေဒါစခန်းနှင့်အမှတ် (၉၉) ခြေမြန် တပ်မဌာနချုပ်အပါအဝင် စစ်ရေးဆိုင်ရာ ပစ်မှတ် (၇)ခုကို မှတ်ပုံတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၁၁၁၁ ရွှေလင်းယုန် ဒရုန်းအထူးစစ်ဆင်ရေးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၄နာရီခွဲခန့်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဒရုန်းအထူးစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကူညီ ထောက်ပံ့မှု၊ ရှားထူးဝေါ် နည်းပညာအဖွဲ့၏ နည်းပညာနှင့်စီမံချက်များ ကူညီမှုဖြင့် မိတ္တီလာ ပကဖ ၊ မိတ္တီလာ ပကဖ ဒရုန်း အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံ ခရိုင် တပ်ရင်း (၈)နှင့်အခြားသောအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆင်ရေးအတွင်း ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 နှစ်စီး၊ လေယာဥ်အပိုပစ္စည်းထား အလုပ်ရုံတစ်ခုနှင့် စစ်ဘက်ဆိုင်ရာသုံး စက်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့သည်။
ဓာတ်ပုံ-NUG-MOD