သံလွင်ခက်
နိုဝင်ဘာ ၁၈၊ ၂၀၂၄။
ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဇော် (ခ) ဇော်ထွန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်သည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် အုတ်ဖိုတာဆုံ ရန်ကုန် – ပြည် ကားလမ်းဘေး၊ ရဲကင်းအနီးရှိ လမ်းမပေါ်တွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေစဉ် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထုတ်ပြန်ချက်တွင် အုပ်ချုပ်ရေးမှူးမှာ ပျူခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ အချက်အလက်များကို စစ်ကောင်စီထံ ထောက်လှမ်းသတင်းပို့ခြင်း၊ ပြည်သူများကို စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ အပါအဝင် သန်းခေါင်စာရင်းကောက်ခံရာတွင်လည်း ဦးဆောင်ပါဝင်ခြင်းများ လုပ်ဆောင်သဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ လက်ပစ်ဗုံးတစ်လုံး၊ မိုလ်ဘိုင်းဖုန်း တစ်လုံးနှင့် ငွေသားအချို့ တို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။
စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့သည့် မြေအောက်ပြောက်ကျားတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ၏ တပ်ရင်းတစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်၌လည်း အုတ်ဖိုမြို့အနီးတွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့် ပူးပေါင်းကာ လုံခြုံရေးယူနေသည့် မတောင့်တကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပုံ – Underground Guerrilla Forces (OKPO)