မောင်ဘဦး
နိုဝင်ဘာ ၁၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ တော်လှန်တန်ဆောင်တိုင်ပွဲတော်ကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါပွဲတော်ကို အာဏာသိမ်းပြီး ၄ နှစ်အကြာမှ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပွဲစီစဥ်ကျင်းပပေးသူက သံလွင်ခက်ကို ပြောသည်။
“မြန်မာ့ရိုးရာ နေ့ထူးနေ့မြတ်တွေ၊ ပွဲတော်တွေ အညာမှာမလုပ်ဖြစ်တာကြာပြီ၊ ခုလုပ်တယ်ဆိုတာလည်း အပျော်သက်သက်မဟုတ်ဘဲ တော်လှန်ရေးကာလ ပြည်သူတွေ၊ လူငယ်တွေ အားလုံးစိတ်ပင်ပန်းနေကြပြီ၊ အဲဒါလေးကို တဒင်္ဂပြေပျောက်ဖို့ ရည်ရွယ်ပြီး ကျင်းပပေးခဲ့တယ်” လို့ ၎င်းကဆိုသည်။
တော်လှန်တန်ဆောင်ပွဲတွင် မြန်မာ့ရိုးရာထုတ်စည်းထိုး အားကစား၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ ဆိုင်ကယ်အနှေးစီးပြိုင်ပွဲ၊ ကြက်ထုတ်ပစ်ပြိုင်ပွဲ၊ တေးသရုပ်ဖော်၊ ပြဇာတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးကျောင်းသူ/သားများ အများဆုံးပါဝင်ခဲ့ကြသည်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အညာဒေသတွင် မြန်မာ့ရိုးရာပွဲတော်များ၊ နတ်ပွဲများ၊ ကထိန်အလှူပွဲများ၊ သားရှင်ပြုပွဲများ၊ လက်ထပ်ထိမ်းများခြင်းပွဲများကို အနည်းငယ်သာ ကျင်းပခဲ့ကြပေမယ့် ယခုနှစ်တွင် ပြန်လည်ပြုလုပ်လာသည်ကိုတွေ့ရသည်။
ဓာတ်ပုံ- ပေးပို့