မောင်ဘဦး
နိုဝင်ဘာ ၁၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပုလဲမြို့ပေါ်အပါအဝင် ကျေးရွာနှစ်ရွာကို မီးရှို့ကာ စစ်ကြောင်းထိုးနေသဖြင့် နောက်ထပ်ကျေးရွာ ၂၂ ရွာမှ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၆ ရက်တို့တွင် အင်အား ၈၀ ဝန်းကျင်ရှိသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းသည် ပုလဲမြို့ပေါ်၊ အလယ်ဘုံရွာနှင့် မြကုန်းရွာတို့ကို စတင်မီးရှို့ခဲ့ခြင်းဖြစ်သည်။
” မုံရွာ နမခက စစ်ကူလာတဲ့ စစ်အုပ်စုအင်အား ၈၀ ကျော်က ဘုတလင်မြို့နယ်ထဲ လူသတ်မီးရှို့ခဲ့တဲ့စစ်ကြောင်းလို့ သတင်းကကြားထားတော့ ပြည်သူတွေ ပိုထိတ်လန့်နေကြတယ်ဗျ။ အခုလည်း အလယ်ဘုံ၊ မြကုန်းနဲ့ ပုလဲမြို့ကို စစ်အုပ်စုက မီးရှို့ပြီးပြီ။ မြကုန်းရွာကတော့ ဒီမနက်အထိ မီးခိုးလုံးမြင်နေရသေးတယ်” ဟု ပုလဲမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီသူတစ်ဦးက ပြောသည်။
ပုလဲမြို့ကို ဗိုလ်နဂါးဦးဆောင်သည့် BNRA နှင့် မဟာမိတ်တပ်ဖွဲ့များမှ ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက စစ်ကူအင်အားဖြည့်တင်းကာ ပြန်လည်ထိန်းချုပ်ခဲ့သည်။
လတ်တလောတွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ပုလဲမြို့အပါအဝင်၊ မြကုန်း၊ အေးကုန်း၊ အလယ်ဘုံ၊ ဇောင်ဂျမ်းကုန်း၊ မန်ကျည်းခွ၊ ကုက္ကိုကုန်း၊ ကျွန်းဘိုကုန်း၊ ညောင်ကုန်း၊ ဖိုကုန်း၊ ရွာသာ၊ လိန်ကုန်း၊ ရွာထင်၊ ကြိုးကြာဥ၊ ရိုး(တောင်)၊ ရိုး(မြောက်)၊ နွယ်ရှောက်၊ လက်ပုကန်၊ မင်းတိုင်ပင်၊ ကြောင်သန်း၊ စေတီရုံ၊ ကံကြီးကျေးရွာတို့မှ ဒေသခံ၂၀, ၀၀၀ ကျော် စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာအကူညီများ လိုအပ်နေသည်ဟု သိရသည်။
အဆိုပါ နမခစစ်ကူစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဘုတလင်မြို့နယ်တွင်း စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု သိရသည်။
ပုံစာ- ပုလဲမြို့နယ် စစ်ဘေးရှောင်ပြည်သူများ။ ဓာတ်ပုံ- စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်။