သံလွင်ခက်
နိုဝင်ဘာ ၁၁၊ ၂၀၂၄။
ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာ ၂ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သည်။
အရာရှိအဆင့် ဗိုလ်ကြီး (၄) ဦး၊ ရဲအုပ် (၂) ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၉) ဦးတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ခြင်းဖြစ်သည်။
အဆိုပါ (၄၉) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း တိုက်တွန်းအသိပေးထားသည်။
ပုံစာ-ပြီးခဲ့သည့် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်သုံ့ပန်းများဖမ်းဆီးရမိစဉ်။
ဓာတ်ပုံ-NUG