ရဲသူ
အောက်တိုဘာ ၂၃၊ ၂၀၂၄။
နွေဦးတော်လှန်ရေးအစ ရန်ကုန်မြို့မှာ ပထမဦးဆုံးလမ်းပေါ်ထွက်ပြီး အာဏာသိမ်းစစ်တပ်ကို ဆန္ဒပြခဲ့တဲ့သူတွေထဲ အမျိုးသမီးတွေက ဦးဆောင်သူနေရာကနေ ပါဝင်ခဲ့တာပါ။
အမျိုးသမီးတွေဦးဆောင်ပြီး ပန်းသပိတ်၊ သနပ်ခါးသပိတ်လို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအပြင် ထမီအလံထူပြီး ဆန့်ကျင်ခဲ့တဲ့ သပိတ်ဆိုရင်လည်း “Sarong Revolution” ဆိုပြီး ကမ္ဘာကို သိစေခဲ့ပါတယ်။
စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာဆိုရင်လဲ အမျိုးသမီးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ကျရာနေရာကနေ တော်လှန်နေကြပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲတွေမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေဟာ ကဏ္ဍပေါင်းစုံမှာ ဖိနှိပ်မှုတွေ၊ ကန့် သတ်ချုပ်ချယ်မှုတွေကို ရင်ဆိုင်နေရဆဲပါ။
တော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးရဲဘော်ဆိုရင်လည်း အမျိုးသားတွေနဲ့ တန်းတူပါဝင်ခွင့်မရဘဲ ကန့်သတ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ ရဲမေနော်ဂူဂူးကပြောပါတယ်။
ရဲမေနော်ဂူဂူးဟာ ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေထဲက ပူးပေါင်းစစ်ကြောင်းတစ်ခုမှာ ပါဝင်တိုက်ခိုက်နေတာပါ။
“ကျွန်တော်တို့သည် အမျိုးသမီးဖြစ်နေတဲ့ ကိစ္စတစ်ခုတည်းနဲ့တင်ကို ကျွန်တော်တို့ တိုက်ခိုက်ရေးပိုင်းမှာ ထဲ ထဲဝင်ဝင် ပါဝင်လို့မရဘူး လုပ်ဆောင်ပေးခွင့်မရဘူး လုပ်ဆောင်ပေးခွင့်မရှိဘူး ကျွန်တော်တို့နောက်ကနေပဲ လုပ်ရတာတွေဖြစ်တယ်။ ဆေးဘက်ဆိုင်ရာဆိုလဲ ဆေးဘက်ဆိုင်ရာမို့လို့ ရှေ့တန်းစစ်မျက်နှာပြင်ကိုသွား တဲ့အခါမှာလည်း အဲလိုပေါ့ ပါဝင်ခွင့်မရတာတွေရှိတယ်” လို့ ရဲမေနော်ဂူဂူးက ပြောပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ နိုင်ငံရေးဖြစ်စဥ်တွေမှာထဲထဲဝင်ဝင် ပါဝင်လာခဲ့သလို စစ်အုပ်စုဘက်ကလည်း ဖိနှိပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတာကိုလည်း ကိန်းဂဏာန်းအချက်အလက်တွေ သက်သေထူနေပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောက်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကောင်စီစတင် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်အထိ နိုင်ငံရေးအကျဥ်းသူ စု စုပေါင်း ၅,၇၁၀ ရှိပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူတွေထဲမှာ သေဒဏ်ချမှတ်ခံထားရတဲ့သူ ၁၆ ယောက်ထိရှိနေတာပါ။
တော်လှန်ရေးကာလ သုံးနှစ်ခွဲကျော်အတွင်း စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့အမျိုးသမီး ၁,၆၄၇ ယောက်ရှိပြီလို့ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ အခုလ ၁၂ ရက် မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်က အမျိုးသမီးသေဆုံးမှု ၁၀၆ ယောက်ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာတော့ သေဆုံးသူ ဦးရေ ၆၂၈ ယောက်ရှိခဲ့ပြီး အမျိုးသမီးသေဆုံးမှုအရေအတွက် ၅ ဆကျော်တိုးလာတာပါ။
အမျိုးသမီးတွေဟာ အနာဂါတ်တွေ၊ အိမ်မက်တွေကို စွန့်လွှတ်ပြီး မြန်မာ့ဒီမိုကရေစီအရေးမှာကျရာနေရာကနေပါဝင်ပြီး တိုက်ပွဲဝင်နေကြပေမယ့် ခွဲခြားဆက်ဆံမှုတွေခံနေရတယ်လို့ ဗကသကျောင်းသူ မအိသီရိကျော်က ထောက်ပြထားပါတယ်။
“ဒီကာလမှာ အမျိုးသမီးတွေကိုနေရာပေးတယ်၊ ရှေ့ထွက်လာကြတယ်ဆိုတာလဲ တကယ်ကလည်း ဟုတ်မနေဘူး။ အနည်းအကျဥ်းလောက်သာရှိတယ်။ ဒီပေါ်မှာလဲ အိမ်ဖြည့်သာသာပေးရုံသာမြင်ရတယ်” လို့ သူက ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းတည်ဆောက်မှု အစိုးရအဆင့်ဆင့်မှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက မရှိနေဘူးလို့ တအောင်းအမျိုးသမီးအဖွဲ့အစည်းရဲ့အကြံပေးအဖွဲ့ဝင် လွေးပိုးငယ်က ထောက်ပြပါတယ်။
“အခုဆို ပိုဆိုးသွားပြီ ပျက်ပြားသွားပြီ။ အရင်တုန်းက လွတ်တော်တွေထဲမှာ ဒီနိုင်ငံရေး ပါတီတွေထဲမှာဆိုရင် အမျိုးသမီးတွေပါဝင်မှုကို မြင့်တင်တာ ငြိမ်းချမ်းရေးဖြစ်စဥ်မှာဆိုရင်လည်း အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာမှာ တွန်းအားတွေရှိခဲ့ပေမယ့်လည်း အခုကတော့ စစ်ကောင်စီရဲ့လက်ထဲ ရောက်သွားတဲ့အချိန်မှာ လုံးဝဇီးရိုးဖြစ်သွားတဲ့ အနေအထားမှာရှိတယ်” လို့ သူက ဆိုပါတယ်။
အမျိုးသမီးနိုင်ငံရေးသမားတွေဟာ ပညာရေး၊ ကလေးသူငယ်အရေး၊ အမျိုးသမီးအရေးတွေကို အမျိုးသားနိုင်ငံရေးသမားတွေထက်ပိုပြီး ဦးစားပေးတတ်ကြပါတယ်။ ဒါ့အပြင် အမျိုးသမီးနိုင်ငံရေးသမားတွေဟာ အလုပ်သမားအရေး၊ စေ့စပ်ညှိနှိုင်းမှုတွေကို တန်ဖိုးထားတတ်ကြတဲ့အတွက် နိုင်ငံရေးမှာအမျိုးသမီးတွေရဲ့ပါဝင်မှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေတာပါ။
၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာတစ်ဆောင်မှာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့အတွက်ဆိုရင် အမျိုးသမီးနိုင်ငံရေးသမား ၃၀ ရာခိုင်နှုန်းလိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုနှုန်းဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှုနှုန်း ၃ ရာခိုင်နှုန်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၁၃ ရာခိုင်နှုန်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၁၆ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ဦးရှိပါတယ်။ အမျိုးသမီးဝန်ကြီးအရေအတွက်ကတော့ ၆ ဦးသာရှိတာပါ။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်အမျိုးသားညီညွတ်ရေးအစိုး ရအဖွဲ့မှာ အမျိုးသမီးဝန်ကြီးပါဝင်နိုင်မှုနှုန်းဟာ ၁၈ ရာ ခိုင်နှုန်းသာရှိနေတာပါ။
တကယ်တော့ နိုင်ငံမျိုးဆက်သစ်ကလေးတွေကို နိုင်ငံရေးအသိပညာပေးတာ ဒါမှမဟုတ် နိုင်ငံသားကောင်းတစ်ယောက် ပြုစုပျိုးထောင်ဖို့ဟာ အမျိုးသမီးတွေရဲ့ လက်ထက်မှာပဲ ရှိတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က သူ့အမြင်ကို ပြောပြပါတယ်။
“နိုင်ငံရဲ့ နောက်မျိုးဆက်သစ်ကလေးတွေကို ပဲ့ပြင်ထိန်းကျောင်းဖို့ စနစ်ထဲကို အံဝင်တဲ့ နိုင်ငံသားကောင်းတွေဖြစ်ဖို့ ငယ်ငယ်ထဲက စပြီးထိန်းကျောင်းတဲ့နေရာမှာ သူတို့က အခရာကျတယ်” လို့ သူက မှတ်ချက်ပေးပါတယ်။
ဒါကြောင့် တိုင်းပြည်ရဲ့စနစ်ပြဌာန်းတဲ့အခြေအနေမှာ အဲဒီစနစ်နဲ့ လျှော်ညီတဲ့ မျိုးဆက်သစ်နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးဖို့က အမျိုးသမီးတွေရဲ့လက်ပေါ်မှာ လုံးဝမူတည်နေတာကြောင့် နိုင်ငံရဲ့မူဝါဒထဲမှာ အမျိုးသမီးတွေများများပါဝင် နိုင်ဖို့အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့် မြန်မာ့လူမှုအဖွဲ့အစည်းမှာ ယနေ့အချိန်ထိ အမျိုးသမီးတွေရဲ့ဖြစ်တည်မှုကို နှိမ့်ချဆက်ဆံတာ၊ အမျိုးသားတွေကို မှီခိုရမယ်ဆိုတဲ့ အတွေးအခေါ်ယူဆမှုတွေနဲ့ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေနိုင်နိုင် နင်းနင်းလုပ်ဆောင်တတ်ဖို့လိုတယ်ဆိုတဲ့ ရှေးရိုးစွဲဓလေ့ထုံးတမ်းတွေနဲ့ အမျိုးသမီးတွေလုပ် ဆောင်နိုင်စွမ်း ကို ကန့်သတ်ထားမှုတွေက ရှိနေတာပါ။
နိုင်ငံရေးမှာဆိုရင်လည်း အမျိုးသမီးတွေဟာ နိုင်ငံရေးအတွေ့အကြုံနည်းပါးတယ်ဆိုတဲ့ မြန်မာ့လူအဖွဲ့အစည်းရဲ့ အမြင်ကျဥ်းမြောင်းမှုတွေကြောင့် နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်ချတဲ့အဆင့်တွေမှာ အမျိုးသမီးပါဝင်နိုင်မှု နည်းပါးနေသေးတာပါ။
မြန်မာ့နိုင်ငံရေးဖြစ်စဥ်မှာ အမျိုးသမီးတွေကြုံတွေ့နေရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေကို လွတ်လပ်စွာထုတ်ဖော်နိုင်ခွင့်ပေးဖို့လိုအပ်တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဇာဇာက ပြောပါတယ်။
“တစ်ချို့အမျိုးသမီးတွေသည် ကျွန်မတို့ရဲ့ဆိုးရွားတဲ့စနစ်ဆိုး၊ အကျင့်ဆိုးအောက်မှာ သိမ်ငယ်မှုတွေနဲ့ ဝမ်းနည်းအားငယ်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့အခါမှာ ကိုယ့်ရဲ့နစ်နာမှုတွေကို ထုတ်ဖော်ပြောဖို့ကို အင်မတန်မှ ဆိုးရွံကြတယ်။ အမျိုးသမီးတွေ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ဖို့ကို တွန်းအားပေးပြီးတော့ ခွန်အားပေးတဲ့ စနစ်တွေ ကျွန်မတို့ဆီမှာရှိဖို့လိုတယ်” လို့ သူက ဆိုပါတယ်။
မြန်မာ့နိုင်ငံရဲ့လူဦးရေ ရဲ့ ၅၂ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီး တွေပါဝင်နိုင်မှုဟာ နိုင်ငံရဲ့ဒီမိုကရေစီစနစ်ကို ပိုမိုအားကောင်းလာစေနိုင်မှာ ဖြစ်ပါတယ်။
ဖိုဝါဒကြီးစိုးမှု၊ ရှေးရိုးဓလေ့ထုံးတမ်းတွေနဲ့ စစ်တပ်ရဲ့အမျိုးသမီးတွေ ကိုဖိနှိပ်တဲ့အလေ့အကျင့်တွေကြောင့် မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်မှုဟာ အကန့်အသတ်နဲ့သာ ရှိနေတာပါ။ ဒါပေမယ့် အမျိုးသမီး တွေဟာ ကျရာအခန်းကဏ္ဍကနေ မြန်မာဒီမိုကရေစီအရေး၊ နိုင်ငံအရေးတွေမှာ ပါဝင်တိုက်ပွဲဝင်နေဆဲပါ။