ခင်သရဖီဦး
အောက်တိုဘာ ၂၃၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လုံးကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်တွင် စစ်ကောင်စီ၏အနောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ တပ်သားများဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ်အများအပြားဆုံးရှုံးခဲ့ရသည်ဟု အမ်းဒေသခံများထံမှ သိရသည်။
အင်းအား ၁၀၀ ခန့်ရှိသည့် နပခစစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကာ ရွာထဲရှိ အိမ်စောင့်တချို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လို့သည့် အမ်းဒေသခံတစ်ဦးက ဆိုသည်။
“ အဲရွာနားနဲ့ နည်းနည်းအဝေးတစ်နေရာမှာတော့ တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ ရွာက နေ AA ဝင်တိုက်မယ်ထင်တားလားမသိဘူး၊ စစ်ကြောင်းက ဝင်လာပြီး တစ်ရွာလုံးကို မီးရှို့နေတာကို မြင်ရတယ်ပေါ့။ မီးလောင်သွားတဲ့ အိမ်ခြေအတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ယင်းကျေးရွာသည် စစ်ကောင်စီ၏ နပခဌာနချုပ်နှင့် ၂ မိုင်ခန့်အကွာအဝေးတွင်တည်ရှိပြီး ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြပြီးဖြစ်ကာ စစ်ကောင်စီစစ်ကြောင်းဝင်လာချိန်တွင် အိမ်စောင့်အဖြစ်ကျန်ရှိနေသည့် လူများနှင့်လည်း အဆက်အသွယ်မရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ ရွာကလူတွေ တော်တော်များများကတော့ စစ်ဘေးရှောင်နေကြတာပေါ့။ အဲဒီမှာ က အိမ်စောင့်တွေလောက် ကျန်ခဲ့တယ်လို့သိရတယ်။ အခု အဲဒီလူတွေနဲ့ အဆက်အသွယ်မရသေးဘူး။ ဖမ်းခံရတာလား သေပြီးလာ ဆိုတာလည်း အတိအကျ မသိရသေးဘူး” ဟု ဆိုသည်။
ယင်းကျေးရွာအနီးအနားတွင်လည်း စစ်ကောင်စီ၏ ထောက်ပို့တပ်ရင်းများရှိနေပြီး အိမ်ခြေ ၂၅၄ ဆောင် ရှိသည်ဟုသိရသည်။
ပြီးခဲ့သည့် မတ်လမှစတင်ကာ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်- AA တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး AA က ယခုလဆန်းပိုင်းတွင် အမ်းမြို့အနီးဝန်းကျင်ရှိ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးကို သိမ်းပိုက်ထားသည်။
ပုံစာ- မင်းပြားမြို့နယ်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာနေအိမ်များ။ ဓာတ် ပုံ- ခင်သရဖီဦး (ပုံအဟောင်း)