နန်းဆုပန်ခန့်
အောက်တိုဘာ ၂၂၊ ၂၀၂၄။
ဖလူး- မင်းလက်ပံ- မေတ္တာလင်းမြိုင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းမကို ကျွန်မအနေနဲ့ တစ်လကို လေးကြိမ်နီးပါး သွားလာဖူးပါတယ်။ အဲဒီအချိန်တွေတုန်းက လမ်းမပေါ်မှာ လူသွားလူလာနည်းပါးပြီး ခြောက်ကပ်ကပ်ဖြစ်နေခဲ့တာပါ။
တကယ်တော့ ဒီရွာတွေဟာ အိမ်ခြေထောင်နဲ့ချီရှိပြီး လူနေများတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ ဒီရွာတွေဟာ ကွေ့ကောက်စီးဆင်းနေတဲ့ သောင်ရင်းမြစ်နဘေးမှာ အခြေချထားတာပါ။ မြစ်ရဲ့တစ်ဖက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့လည်း ရှိနေပါတယ်။
ဒါပေမယ့်လည်း ဒီရွာလေးတွေဟာ စစ်ဒဏ်၊ လက်နက်ကြီးဒဏ်ကို ခံနေရတာကြောင့် တိုးတက်မှုနှေးကွေးတယ်လို့ ဆိုရပါမယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျွန်မနောက်ဆုံးအကြိမ်ရောက်တုန်းက ရွာချင်းဆက်ကားလမ်းတွေဟာ အရင်လို ခြောက်ကပ်မနေဘဲ လမ်းပေါ်မှာ ဒေသခံတွေ အသွားအလာများနေပါတယ်။
ခြောက်ကပ်ကပ်လမ်းမကြီးကို ဖြတ်သွားဖြတ်လာလုပ်ဖူးတဲ့ ကျွန်မအတွက် ပွဲဈေးတစ်ခုကို ဖြတ်သွားရသလား အောက်မေ့မိပါတယ်။ ဒေသခံတွေဟာ ဘာစိုးရိမ်ပူပန်မှုမှမရှိတော့ပဲ လှောင်အိမ်ထဲက လွတ်မြောက်သွားတဲ့ ငှက်ကလေးတွေသဖွယ် လွတ်လပ်စွာပျံသန်းရင်း အပူအပင်ကင်းမဲ့စွာ သွားလာနေကြပါတယ်။
လမ်းတစ်ဖက် တစ်ချပ်စီမှာလည်း အသားကင်ဆိုင်၊ အသီးအနှံရောင်းဆိုင်နဲ့ တခြားမုန့်ဈေးဆိုင်တွေနဲ့ စည်ကားပြန်နေတယ်။ ဒီဆိုင်လေးတွေဟာ တိုက်ပွဲကာလတုန်းက ပိတ်ထားခဲ့ကြရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စွယ်တော်ကုန်းလို့ခေါ်တဲ့ မြန်မာစစ်တပ်အထိုင်ချထားတဲ့ အမြောက်ကုန်းကြောင့်ပါပဲ။
အဲဒီစွယ်တော်ကုန်းဟာ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနားမှာ တည်ရှိတာပါ။ အဲဒီကနေ အနီးအနား ကျေးရွာတွေဖြစ်တဲ့ လေးကေ့ကော်၊ ထီးမယ်ဝါးခီး၊ ဖလူး၊ မင်းလက်ပံ၊ မယ်ထော်သလေး၊ မေတ္တာလင်းမြိုင်စတဲ့ ကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိပါတယ်။
အဲဒီလို လူနေရပ်ကွက်တွေထဲကို ပစ်ခတ်တာကြောင့် ဒေသခံထောင်ချီဟာ မကြာခဏဆိုသလို နေရပ်စွန့်ခဲ့ရတာကလည်း အကြိမ်ကြိမ်ပါ။ ဒါပေမယ့် ဒီအမြောက်ကုန်း (ဒါမှမဟုတ်) အရပ်ခေါ်ခွေးကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်တွေက သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ကြတာပါ။
ဒီစခန်းကုန်းကို တော်လှန်ရေးတပ်တွေက ၇ လအကြာ အစာဖြတ်၊ ရေဖြတ်နဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ လက်နက် ငယ် ၂၄ လက်၊ ၁၂၀- မမ အမြောက်- ၂ လက်၊ ပွိုင့် 5- ၁ လက် အပါအဝင် တခြားဆက်စပ်ပစ္စည်းတွေ ရရှိခဲ့တာပါ။
ဒါကြောင့် ကျေးရွာ ၆ ရွာထက်မနည်းက ဒေသခံတွေဟာ ပျော်ရွှင်မြူးတူးနေကြဟန်ပါ။ သီတင်းကျွတ်ကာလမှ လူကြီးမိဘတွေက သူတို့သားမြေးတွေကို မုန့်ဖိုးပေးလို့ ပျော်ရွှင်နေကြတဲ့ ကလေးငယ်တွေလိုပါပဲ။ အခုကတော့ KNLA ပူးပေါင်းတပ်ဖြစ်တဲ့ ကော်ဘရာစစ်ဆင်ရေးမှူးဗိုလ်ဒါဘောက ဦးဆောင်ပြီး ဒေသခံတွေရင်ထဲမှာရှိခဲ့တဲ့ ဆူးတစ်ချောင်းကို ဆွဲနုတ်ယူပေးခဲ့တာဖြစ်ပါတယ်။
မင်းလက်ပံဒေသခံအမျိုးသမီးတစ်ဦးက “နှစ်ရက်ရှိနေပြီး ဝမ်းသာလုံးဆို့လို့ ထမင်းတွေလည်းမစားနိုင်ဘူး။ တကယ်ရင် ထဲက အပူလုံးကျသွားသလိုခံစားရတယ်” လို့ စွယ်တော်ကုန်းသိမ်းပြီးချိန်မှာ သူမရဲ့ခံစားချက်ကို ပြောပြပါတယ်။
စွယ်တော်ကုန်းခေါ် အမြောက်ကုန်းစခန်းကို ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်ခြားစစ်စခန်းအဖြစ် မြန်မာစစ်တပ်က အထိုင်ချတပ်စွဲခဲ့တာပါ။
ကရင်ပြည်နယ် အခြေစိုက် တပ်မ ၂၂၊ မွန်ပြည်နယ် အခြေစိုက် တပ်မ ၄၄ အပြင် ကမ်းရိုးတန်းတိုင်း လက်အောက်ခံတပ်ရင်းတွေ အထိုင်ချခဲ့တဲ့ စစ်စခန်းအဖြစ်လည်းရှိနေခဲ့တယ်လို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြားဖြစ်ပွားခဲ့တဲ့ လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်းမှာ စွယ်တော်ကုန်းဟာ အမြောက်ကျည်တွေပစ်ကူပေးခဲ့တာပါ။ စွယ်တော်ကုန်းရဲ့အမြောက် လက်နက်ကြီးပစ်ကူပေးမှုတွေကြောင့် တော်လှန်ရေးတပ်သားအမြောက်အမြား အသက်တွေဆုံးရှုံးခဲ့ကြရတာပါ။
စစ်ရေးဗျူဟာအရ အရေးပါအရာရောက်တဲ့ လက်ခတ်တောင်သိမ်းတိုက်ပွဲ၊ ဖလူးစခန်းသိမ်းတိုက်ပွဲ၊ လေးကေ့ကော် ရေကန်ကုန်းသိမ်းတိုက်ပွဲနဲ့ အထူးသဖြင့် မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ သိမ်းတိုက်ပွဲတွေမှာ လည်း စွယ်တော်ကုန်း (အမြောက်ကုန်း) က အဓိကလက်နက်ကြီးပစ်ကူပေးနေတဲ့ အက္ခရာတစ်ခုဖြစ်ခဲ့ပါတယ်။
“စစ်ရေးအရအရေးပါတာပေါ့။ အဲ့ကုန်းက အနီးအနားကရွာတွေကိုလည်း အများကြီးထိန်းထားလို့ရတယ်။ အများကြီး ခြိမ်းခြောက်မှုပေးတယ်။ အဲ့ကုန်းမရှိတော့ အဲဒီအနီးအနားတဝိုက်က လက်နက်ကြီးပစ်ကူပေးနိုင်တဲ့ကုန်းမရှိတော့ဘူး။ မဟုတ်ရင် တိုက်ပွဲတပွဲဖြစ်ပြီးဆို အဲ့ဒီကုန်းကနေပဲ ပစ်ကူပေးနေတာ” လို့ ပူးပေါင်းတပ်တစ်ဦးက ပြောပါတယ်။
အခုနှစ် ဇူလိုင်လ ၁၁ ရက်တုန်းက စွယ်တော်ကုန်းစခန်းကနေ မင်းလက်ပံကျေးရွာမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်- DKBA ခြံဝန်းထဲကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို အောက်တိုဘာလ ၇ ရက်မှာလည်း ဖလူးကြီးကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဆေးခန်းတွေ ပျက်ဆီးခဲ့ရပါတယ်။
“စွယ်တော်ကုန်းသိမ်းပြီးသွားပြီ၊ ကျွန်မတို့ကတော့ လက်နက်ကြီး ကြောက်စရာမလိုတော့ဘူး၊ လေယာဉ်တစ်ခုပဲကျန်တော့တယ်” လို့ မင်းလက်ပံဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။
စွယ်တော်ကုန်းမှာ စစ်ကောင်စီတပ်မရှိတော့ပေမယ့်လည်း လေးကေ့ကော်စစ်ရှောင်တွေဟာ လေကြောင်းရန်ကို သတိပြုရသေးတာကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်တွေက ပြောကြပါတယ်။
စွယ်တော်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တစ်ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေဟာ ဘလယ်ဒို၊ လေးကေ့ကော်၊ ဖလူးကြီး၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ ပဟီးကလော်၊ မေတ္တာလင်းမြိုင်တွေမှာ စု ပေါင်းလှည့်လည် အောင်ပွဲခံခဲ့ကြပါတယ်။
ဒေသခံတွေကလည်း ကရင်ဒုံးယိမ်းအက၊ ပန်းစည်း၊ ပန်းကုံးတွေနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတာပါ။
ဒါ့အပြင် လှည့်လည်အောင်ပွဲခံနေတဲ့ ပူးပေါင်းတပ်ရဲဘော်တွေကို လုံခြုံရေးယူနေတဲ့ကရင်နယ်ခြားစောင့်တပ်- BGF က အလေးပြုနေတဲ့ ဓာတ်ပုံတစ်ပုံဟာအင်တာနက်လူမှုကွန်ယက်စာမျက်နှာမှာ လူအများကြိုက်နှစ်သက်တဲ့ ဓာတ်ပုံတစ်ပုံအဖြစ် ပျံ့နှံ့ခဲ့ပါတယ်။
မင်းလက်ပံ၊ ပဟိကလော်၊ မေတ္တာလင်းမြိုင်ဒေသတွေမှာရှိတဲ့ BGF စစ်ဆေးရေးဂိတ်တွေမှာ ကရင်အမျိုးသားအလံ တွေ လွှင့်ထူနေကြတာမြင်တွေ့ခဲ့ရပါတယ်။
အာဏာသိမ်းချိန်ကစပြီး ဒေသခံတွေ လွတ်လွတ်လပ်သွားလာတာ၊ ကရင့် အလံတော်ကို လွှင့်ထူတဲ့ဒီမြင်ကွင်းဟာ ပျောက်ကွယ်သွားခဲ့ရပေမယ့် အခုချိန်မှာ ကြည်နူးစရာမြင်ကွင်းတစ်ခုအနေနဲ့ ပြန်လည်အသက်ဝင်လာခဲ့တာပါ။
အောင်ပွဲခံပြီးနောက်တစ်ရက်မှာပဲ မြဝတီ-ဝေါလေကားလမ်းမပေါ်မှာရှိတဲ့ သေ့ဘောဘိုးဗျူဟာကုန်းကို ကာပေးထားတဲ့ကာကင်းစခန်းသုံးခုက စစ်ကောင်စီတပ်တွေဟာ စွန့်ခွာထွက်ပြေးသွားကြပါတယ်။
နှစ် ၂၀ ကျော်တပ်စွဲခဲ့ပြီး ကျေးရွာတွေကိုဒုက္ခပေးခဲ့တဲ့ စွယ်တော်ကုန်းကို သိမ်းပိုက်နိုင်တာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်က ဆူးညှောင့်ခလုပ်တစ်ခုကို ဖယ်ရှားနိုင်ခဲ့သလိုပါပဲ။
ဒါပေမယ့်လည်း နောက်ထပ်ဆူးညှောင်ခလုပ်တွေဖြစ်တဲ့ ခလရ- ၂၇၅ အပါ အဝင် ဝေါလေဗျူဟာ၊ ဥကရစ်ထ၊ သေ့ဘောဘိုး၊ ဘလယ်ဒိုစတဲ့စခန်းတွေ ကျန်ရှိနေသေးပါတယ်။