ဘုန်းမောင်
အောက်တိုဘာ ၁၈၊ ၂၀၂၄။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ မြန်မာစစ်တပ်ကအာဏာသိမ်းယူခဲ့သောကြောင့် မျှော်လင့်မထားသော နိုင်ငံရေးအပြောင်းအလဲကိုရင်ဆိုင်နေရပြီး နှစ်ပေါင်းများစွာမြန်မာနိုင်ငံကိုစိုးမိုးအုပ်ချုပ်လာခဲ့သော မြန်မာစစ်တပ်အနေဖြင့်လည်း ၎င်းတို့အာဏာချုပ်ကိုင်မှုအပေါ် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါသည်။
၁၉၆၂ ခုနှစ်ကတည်းက မြန်မာစစ်တပ်သည် မြန်မာနိုင်ငံ၏ပြိုင်ဘက်ကင်းအဖွဲ့အစည်းတစ်ခု အဖြစ် နိုင်ငံကို အုပ်ချုပ်ထားနိုင်ခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များကနေ ၂၀၁၀ ပြည့်လွန်နှစ်များအထိ စစ်တပ်က နိုင်ငံတော် ကိုတိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီမိုကရေစီတစ်ပိုင်းအုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အချိန်အထိ ဒီမိုကရေစီခေတ်တစ်ခုထူထောင်နိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းများအား မြန်မာစစ်တပ်က အကြမ်းဖက်ကာ ရက်ရက်စက်စက်နှိမ်နင်းနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာလည်း အဆိုပါကာလများကဲ့သို့ တော်လှန်ရေးအင်အားစုများကို မြန်မာစစ်တပ်က လွယ်လွယ်ချေမှုန်းပြီး နိုင်ငံ့အာဏာကို ၎င်းတို့လက်တွင်းစုပ်ကိုင်ထားနိုင်လိမ့်မည်ဟု မြန်မာစစ်တပ်က ယုံကြည်ထားခဲ့ပါသည်။
သို့သော် ယခုတစ်ကြိမ်းမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ – SAC သို့မဟုတ် မြန်မာစစ်တပ်သည် ၎င်းတို့မျှော်လင့်မထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်သားအင်အားစုများ၏ စည်းလုံးညီညွှတ်မှုများကို ရင်ဆိုင်နေရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် CDM လှုပ်ရှားမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ထို့နောက်မှာ တော့ PDF၊ NUG တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်များပေါင်းစပ်မိခဲ့ကြရာကနေ CDM ထက်ပို၍ကြီး မားကျယ်ပြန့်သော ပဋိပက္ခများဆီ အသွင်ပြောင်းလာခဲ့ပါသည်။ ၎င်းတို့သည် နယ်စပ်ဒေသများတွင် ထိုးစစ်များဆင်နွှဲကာ မြန်မာစစ်တပ်ကိုဖြုတ်ချဖို့ တိုက်ပွဲဝင်လျက်ရှိနေကြသည်။
SAC – M (Special Advisory Council for Myanmar) ၏အစီရင်ခံစာတစ်စောင်တွင် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ ခန့်မှန်းထားသောကိန်းဂဏန်းများအရ နိုင်ငံ၏နယ်မြေ ၈၆ ရာခိုင်နှုန်းသည် မြန်မာ စစ်တပ်၏ထိန်းချုပ်မှုအောက်တွင်မရှိတော့ကြောင်းဖော်ပြထားသည်။
ယင်းပမာဏက နိုင်ငံလူဦးရေ ၅၅ သန်း ၏ ၆၇ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် မြို့နယ်ပေါင်း ၃၀ ၏ အနည်းဆုံး ၉၀ ရာခိုင်နှုန်းသည် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့၏ အုပ်ချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိ သွားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါခန့်မှန်းချက်များကဖော်ပြနေသည်မှာ သက်လုံကောင်းသောကစားသမားက အောင်ပွဲခံနိုင်လိမ့်မည်ဆိုခြင်းပင်။
နယ်စပ်မျဥ်းများက မြို့များအားသိမ်းပိုက်ခြင်း
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာ့ပဋိပက္ခတွင် အရေးပါ သောအလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးအပြီး EAO များနှင့် တော်လှန်ရေးတပ်ဖွဲ့ များက မြန်မာနိုင်ငံတဝန်းရှိ မြို့ပေါင်း ၅၃ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းအနက်က မြို့ပေါင်း ၁၂ မြို့ သို့မဟုတ် ၂၃ ရာခိုင်နှုန်းက အိန္ဒိယနယ်စပ်တွင်တည်ရှိသည်။ အဆိုပါနယ်စပ်ဒေသတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကလွဲပြီး ကျန်မြို့များအားလုံးသည် မြန်မာစစ်တပ်၏ထိန်းချုပ်မှုအောက်က လွတ်မြောက်ခဲ့သည်။ ချင်းပြည်နယ်တွင် မတူပီခရိုင်ရှိမြို့ ၃ မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်နိုင်ခဲ့သည်။
ထိုင်း- မြန်မာနယ်စပ်တွင် မြို့ပေါင်း ၈ မြို့တည်ရှိပြီး ဘောလခဲခရိုင်ရှိနယ်မြေအများအပြားကိုလည်း မြန်မာစစ်တပ်က လက်လွတ်ခဲ့ရသည်။ မတူပီခရိုင်အတွင်းရှိ မြို့ပေါင်း ၃ မြို့ကို မြန်မာစစ်တပ်ကဆုံးရှုံးခဲ့ရသည့်နည်းတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော မောင်တောခရိုင်ရှိမြို့ ၁ မြို့ကိုလည်း မြန်မာစစ်တပ်က လက်လွတ်ခဲ့ရလေသည်။
ထို့ပြင် တရုတ်- မြန်မာနယ်စပ်၏ ၃၂ ရာခိုင်နှုန်း သို့မဟုတ် မြို့ပေါင်း ၁၇ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့သည်။ တရုတ်နယ်စပ်တလျှောက်ရှိ ခရိုင်ပေါင်း ၉ ခရိုင်အနက်က မြို့ပေါင်း ၆ မြို့ကို မြန်မာစစ်တပ်ကဆုံးရှုံးခဲ့ပြီး အထင်ရှားဆုံးမှာ မူဆယ်ခရိုင်တွင်းရှိ မြို့ ၄ မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်၏ တန်ပြန်ထိုးစစ်
ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း မြန်မာစစ်တပ်သည် တပ်ပြေးမှု၊ ရှေ့တန်းတွင်သေဆုံးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုများကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၁၃၀,၀၀၀ ခန့် သိသိသာသာလျော့နည်းသွားခဲ့သည်။ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်ကိုကြည့်လိုက်လျှင်လည်း ၇၀,၀၀၀ ခန့်လျော့နည်းသွားခဲ့သည်။
မြန်မာစစ်တပ်၏ နောက်ဆုံးခံတပ်ဖြစ်သော နေပြည်တော်နှင့် ရန်ကုန်ကဲ့သို့သောမြို့ကြီးများကို ကာကွယ်ပေးရန် တပ်ဖွဲ့ဝင်အင်အားများစွာ နည်းပါးနေသည်ကိုလည်း တွေ့ရသည်။ ဒဏ်ရာရစစ်သည်များအပေါ် ထောက်ပံ့မှုညံ့ဖျင်းခြင်းနှင့် စစ်ဗိုလ်ချုပ်များ၏ခေါင်းဆောင်မှုအပေါ် မယုံကြည်မှုတို့ကလည်း တပ်ဖွဲ့ဝင်များ၏စုစည်းညီညွတ်မှုကို ပို၍အားနည်းစေခဲ့ပါသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်းတွေ့မြင်ခဲ့ရသည့် ထောက်လှမ်းရေးသတင်းပေါက်ကြားမှုများနှင့် ခေတ်မမီတော့သော နည်းပညာဟောင်းများကိုသာ အသုံးပြုနေရသည့် မြန်မာစစ်တပ်အနေဖြင့် များစွာရုန်းကန်နေရသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က မောင်းသူမဲ့ဒရုန်းများအား အသုံးပြုတိုက်ခိုက် ခဲ့သဖြင့် မြန်မာစစ်တပ်သည် အကြီးအကျယ်အထိနာခဲ့ရလေသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်စစ်ရုံးချုပ်၊ အေလာလေတပ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏နေအိမ်တို့အား တော်လှန်ရေးတပ်ဖွဲ့များက မောင်းသူမဲ့လေယာဥ်အစင်း ၃၀ ခန့်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် အသေအပျောက်မရှိခဲ့သော်လည်း ယင်းတိုက် ခိုက်မှုက စစ်ကောင်စီခေါင်းဆောင်များသည် အချိန်မရွေး နေရာမရွေးတိုက်ခိုက်ခံရဖို့ တော်လှန်ရေးတပ်ဖွဲ့များဘက်က လက်လှမ်းမီလျက်ရှိနေကြောင်းဖော်ပြနေခြင်းဖြစ်သလို စစ်ဗိုလ်ချုပ်ကြီးများ၏အသည်းနှလုံးအား မီးမြိုက်ခဲ့သောလုပ်ရပ်လည်းဖြစ်ပေသည်။
ထိုသို့သောအဆုံးအရှုံးများကြားပင် မြန်မာစစ်တပ်သည် ၎င်းတို့ဆုံးရှုံးသွားသောနယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ရန် အဆင့် ၃ ဆင့်ဖြင့် ပြန်လည်တန်ပြန်တိုက်ခိုက်ခိုင်းနေသော်လည်း မြန်မာစစ်တပ်ကတော့ လက်ရှိအချိန်အထိ ကြီးကြီးမားမားရုန်းကန်နေရစဲသာဖြစ်သည်။
ပြီးခဲ့သောဧပြီလတွင်ပင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သည့် အောင်ဇေယျစစ်ဆင်ရေးစတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးက နိုင်ငံတော်အဆင့် ပထမဆုံးသောတရားဝင်ထိုးစစ်ဖြစ်ခဲ့သည်။ ပြည်တွင်းပြည်ပသတင်းဌာနများ၏ဖော်ပြချက်များကြောင့် အောင်ဇေယျစစ်ဆင်ရေးက လူသိများထင်ရှားခဲ့ပြီး အဆိုပါထိုးစစ်က ထိုင်း- မြန်မာနယ်စပ်တွင်အရေးပါသော ကုန်သွယ်ရေးမြို့တော်ဖြစ်သည့် မြဝတီမြို့ကိုသိမ်းပိုက်နိုင်ရန် ရည်ရွယ်ထားသော ထိုးစစ်လည်းဖြစ်လေသည်။
အဆိုပါစစ်ဆင်ရေးတွင် တံတားထိုးယာဥ်၊ အတွဲလိုက်ပစ်ဒုံးကျည်တင်ယာဥ်နှင့် သံချပ်ကာယာဥ်များလည်းပါဝင်ပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀၀ – ၁,၀၀၀ ကြားပါဝင်သည်။ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မြဝတီမြို့ရှိ ခမရ ၂၇၅ ကိုသိမ်းပိုက်ပြီးနောက် ပြန်လည် ထိုးစစ်ဆင်ရန် အောင်ဇေယျစစ်ဆင်ရေးကို ဒုချုပ်စိုးဝင်းဦးဆောင်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါတန်ပြန်ထိုးစစ်သည် ကရင်တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားသောတော်လှန်ရေး အင်အားစုများ၏တိုက်ခိုက်မှုများကြောင့် ဒေါနတောင်တွင် လအတန်ကြာရပ်တန့်နေခဲ့ရပြီး နောက်ဆုံးမှာတော့ မြန်မာစစ်တပ်သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများဆီသို့ ပြန်လည်ဆုတ်ခွာခဲ့ရလေသည်။
ဒုတိယစစ်ဆင်ရေးက ဆင်ဖြူရှင်စစ်ဆင်ရေးဖြစ်သည်။ အဆိုပါစစ်ဆင်ရေးအား ပြီးခဲ့သည့်ဩဂုတ်လ၌ စစ်ကောင်စီက တိုးတိုးတိတ်တိတ်စီစဥ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးသွားခဲ့သော ရှမ်းပြည်မြောက်ပိုင်းရှိနယ် မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရန်ဖြစ်လေသည်။
MNDAA, AA နှင့် TNLA တို့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့သည့်ဇွန်လကစတင်၍ ရှမ်းပြည်မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ နှင့် လားရှိုးမြို့တို့အား သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းအပြင် လားရှိုးမြို့ရှိအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာနှင့် မိုးကုတ်မြို့တို့ကိုလည်း စစ်ကောင်စီကလက်လွတ်ဆုံးရှုံးခဲ့ရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်ပေးမှုဖြင့် မြန်မာစစ်တပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့သော်လည်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆိုပါသဘောတူညီချက်ကလည်း ပျက်စီးသွားခဲ့ရပါသည်။
မြန်မာစစ်တပ်၏စစ်ဆင်ရေးများသည် ၎င်းတို့၏အကန့်အသတ်နှင့် အရွယ်အစားကြောင့် မည်သည့်အောင် မြင်မှုမျိုးကိုမျှ မရရှိခဲ့ပါ။ TNLA နှင့် ၎င်း၏မဟာမိတ်များက သီပေါနှင့်နောင်ချိုမြို့တို့တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏အမာခံနယ်မြေများအားသိမ်းပိုက်နိုင်ရန်ကြိုးစားလျက်ရှိနေပြီး မြန်မာစစ်တပ်အဖို့ကတော့ အဆိုပါဒေသ ၂ ခုစလုံးတွင် အခြေချနေထိုင်လျက်ရှိနေသည့် သာမန်ပြည်သူများအား လေကြောင်းကနေ နေ့စဥ်လက်တုံ့ပြန်လျက်ရှိသည်။ ကြွက်မနိုင်ကျီမီးနဲ့ရှို့နေသော မြန်မာစစ်တပ်၏ရက်စက်ယုတ်မာမှုများက ကမ္ဘာသိပင်ဖြစ်သော်လည်း ကမ္ဘာကြီးကတော့ နှာစေးလျက်သာရှိနေပါသေးသည်။
စက်တင်ဘာလအတွင်းစတင်ခဲ့သော မြန်မာစစ်တပ်၏ရန်နိုင်မင်းစစ်ဆင်ရေးသည် စစ်ကောင်စီ၏နောက်ဆုံးတန်ပြန်ထိုးစစ်ဖြစ်ပြီး ၎င်းစစ်ဆင်ရေးက ကရင်နီပြည်နယ်တွင်ဆုံးရှုံးခဲ့ရသောနယ်မြေများအား ပြန်လည်ရရှိရန်အတွက် စစ်ကောင်စီ၏နောက်ထပ်ကြိုးပမ်းမှုလည်းဖြစ်ပေသည်။
လက်ရှိအချိန်ထိတော့ စစ်ကောင်စီအနေဖြင့် လေကြောင်းကိုသာအဓိကအားထားနေရပြီး လွိုင်ကော်တဝိုက်ရှိ အမာခံနယ်မြေအနည်းငယ်ကိုသာ စစ်ကောင်စီကထိန်းချုပ်ထားနိုင်တော့သည်။ စစ်ကောင်စီ၏အဆိုပါတန်ပြန်ထိုးစစ်များက ယခုအချိန်ထိတော့ မည်သည့်အောင်မြင်မှုမျိုးကိုမျှ မတွေ့ရသေးပါ။ စိတ်ဓာတ်နှင့် အင်အားလျော့ပါးလာခြင်းတို့ကြောင့်လည်း စစ်ကောင်စီအနေဖြင့် ကရင်နီပြည်ကိုပြန်လည်ရရှိရေးနှင့် ထိန်းချုပ်နိုင်ရေးတို့မှာ စိန်ခေါ် မှုများကြီးမားနေဆဲသာဖြစ်သည်။
ဖြစ်နိုင်ချေများအား ဆဝါးကြည့်ခြင်း
လက်ရှိအခြေအနေများက ဖော်ပြနေသည်မှာ စစ်ကောင်စီသည် နောက်ထပ်အခန်းကဏ္ဍများတွင်လည်း ၎င်းတို့၏ထိန်းချုပ်မှုများဆုံးရှုံးသွားနိုင်သည်ဟူ၍ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးသွားသော နယ်မြေများဆီကဆုတ်ခွာပြီး တန်ပြန်ထိုးစစ်များဆင်နွှဲနေသော်လည်း လူကြိုက်များသောကျောထောက်နောက်ခံများကို ပြန်လည်ရရှိဖို့ကတော့ မဖြစ်နိုင်တော့ပေ။
ထို့ပြင် စီးပွားရေးအကြပ်အတည်းနှင့် ကျယ်ပြန့်ကြီးမားလာသောအကြပ်အတည်းများအား စစ်ကောင်စီအနေဖြင့် ဆက်လက်ဖုံးကွယ်ထားရန် ပိုမိုခက်ခဲလာနေပြီး အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပိုမိုဆိုးရွားလာခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးကြရသူပေါင်း ၄ သန်း ကျော်ရှိလာခဲ့ပြီး ၁၂ ဒဿမ ၉ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုများနှင့် အပြင်းအထန်ရင်ဆိုင်နေကြရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သောစက်တင်ဘာလ ၂၆ ရက်တွင် မတူကွဲပြားသောတော်လှန်ရေး အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့သည်။ မကြာသေးခင်တုန်းကမှထုတ်ဖော်ပြောဆိုခဲ့သော စစ်ခေါင်းဆောင်၏ အဆိုပါတောင်းဆိုချက်သည် မြန်မာစစ်တပ်၏ခေတ်ဟောင်းနည်းဗျူဟာတစ်ရပ်သာဖြစ်သည်။
သမိုင်းကြောင်းအရဆိုလျှင်လည်း ၁၉၈၈ တော်လှန်ရေးနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးများအား အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားစေရန်အတွက် မြန်မာစစ်တပ်ခေါင်းဆောင်များသည် အကြမ်းဖက်နည်းလမ်းနှင့် အကန့်အသတ်ရှိသော နိုင်ငံရေးလိုက်လျောမှုများအား ဆောင်ရွက်ခဲ့သည်ကိုတွေ့ရပေလိမ့်မည်။ လက်ရှိနှင့်အတိတ်မတူညီသည်က အင်အားအပေါ် အလွန်အကျွံယုံကြည်ထားခဲ့သော မြန်မာစစ်တပ်ခေါင်းဆောင်များသည် နွေဦးတော်လှန်ရေးနှင့် ၁၀၂၇ စစ်ဆင်ရေးကာလများအတွင်း ပိုမိုအထီးကျန်လာခဲ့ပြီး အတိုက်အခံအင်အားစုများဘက်ကလည်း မြန်မာစစ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအရထိတွေ့ဆက်ဆံမှုများ မရှိသေးခြင်းဖြစ်သည်။
ရွေးကောက်ပွဲကျင်းပပေးခြင်းဖြင့် ပြည်ပနိုင်ငံများ၏ထောက်ခံမှုများ ရရှိလာလိမ့်မည်ဟုလည်း စစ်ကောင်စီ မျှော်လင့်နေပြန်ပါသေးသည်။ သို့သော် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်များအားပယ်ချခဲ့သည့်အပြင် စစ်တပ်က နိုင်ငံရေးကထွက်ခွာရန်၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေချမှတ်နိုင်ရေးနှင့် ၎င်းတို့ကျူးလွန်ခဲ့သောပြစ်မှုများကို စစ်တပ်က တာဝန်ခံရန်စသောအရေးကြီးတောင်းဆိုချက်များအား အတိုက်အခံများဘက်က အလေးပေးဆောင်ရွက်နေပါသည်။ ဒီမိုကရေစီတောင်းဆိုချက်များအပေါ် မြန်မာစစ်တပ်က လက်ခံနိုင်ချေနည်းပါးနေပြီး စစ်တပ်အရာရှိများကြားမကျေနပ်မှုများကြီးထွားလာနေခြင်းကလည်း အတွင်းပိုင်းပြိုကွဲမှုများကို ဖော်ပြနေပါသည်။
ပဋိပက္ခများကနေ မည်သို့သောရလဒ်မျိုးထွက်ပေါ်လာမည်မှာ မသေချာသေးသော်လည်း လက်ရှိရလဒ်များအပေါ်အခြေခံ၍တွက်ချက်ကြည့်မည်ဆိုလျှင်တော့ စစ်အာဏာရှင်များ၏ ကျဆုံးခန်းကိုဖော်ပြနေပါသည်။ တစ်ဖက်တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးခုခံမှုများက ရပ်တန့်သွားမည့်အရိပ်အယောင်မပေါ်သေးဘဲ ပို၍ပင်ကြီးထွားလာနေပါသည်။
အာဏာချုပ်ကိုင်မှုအားနည်းလာနေသည့်နည်းတူ ပြည်တွင်းသဘောထား ကွဲလွဲမှုများကြီးထွားလာခြင်းနှင့် နိုင်ငံတကာကဖယ်ကြဉ်ထားသဖြင့် အထီးကျန်နေရသောစစ်ကောင်စီအနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအား ထပ်မံဆုံးရှုံးရနိုင်ဖွယ်ရှိသည်။
စစ်ကောင်စီအတွင်းပိုင်း၌ ပြိုလဲပျက်စီးနေမှုများအပေါ် တော်လှန်ရေးအင်အားစုများက မည်သို့အသုံးချနိုင် မည်နည်းဆိုသည်ကလည်း မြန်မာ့အနာဂတ်ကိုအဆုံးအဖြတ်ပေးမည့် အဓိကအချက်ဖြစ်နေပေတော့သည်။
Ref: SAC – M (Special Advisory Council for Myanmar), ORF (Observer Research Foundation)