မေသံလွင်။
အောက်တိုဘာ ၁၈ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှမ်းဒိုးတန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်အောင်ကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ယနေ့နံနက် ၇ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဒေသခံများထံက သိရသည်။
“ဒိုးတန်း အရှေ့ဘက် ကြံခင်းအသုဘနာရေးကိစ္စမှာ ထမင်းစားနေတုန်း ဝင်ပစ်သွားတာ။ ဖဒိုဒေသအုပ်စုထဲမှာတော့ အဆိုးဝါးဆုံးလို့ပြောလို့ရတယ်။ ရွာထဲမှာ မနက် ၆ ည ၆ မထွက်ရ ကင်းတဲဆောက်၊ ကင်းစောင့်ရတယ် မနှစ်ထဲက။ သူ့အုပ်စု အဆိုးဆုံးညတိုင်းသေနတ်ပစ်ဖောက်တယ်။ တပည့်အင်အားကလဲတောင့်တော့” ဟု ဒေသခံအမျိုးသား တစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် ကျေးရွာအတွင်း လက်နက်ကိုင်ရမ်းကားမှုများ မကြာခဏပြုလုပ်လေ့ရှိသလို စစ်မှုထမ်း ရန် အတင်းအဓ္မစစ်သားစုဆောင်းခြင်းအပါအဝင် သန်းခေါင်စာရင်းကောက်ယူခြင်းတို့ စစ်ကောင်စီအတွက် ပြုလုပ်ပေး လျက်ရှိသည်ဟု သိရသည်။
၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့်ပူးပေါင်း၍ သန်းခေါင်စာရင်းကောက်ယူနေသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၇ ရက်၌ သတိပေးထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင်လည်း ကျောက်တံခါးမြို့နယ်၊ ကျွန်းချောင်းကျေးရွာကို သန်းခေါင်စာရင်း ကောက်ဖို့လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံခဲ့ရသည့်အတွက် စခန်းမှူး၊ နယ်ထိန်းနှင့် ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – ရှင်းလင်းခံခဲ့ရသည့် ရှမ်းဒိုးတန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်အောင်။