ကရင်နီပြည်၊ ဖရူဆိုမြို့၊ လောဘူးဒါးရပ်ကွက် ကို ခြေကုပ်ယူရန် စစ်ကြောင်းထိုးလာသည့်စစ် ကောင်စီတပ်စစ်ကြောင်းကို ဝင်ရောက်တိုက်ခဲ့သည်ဟု ယနေ့တွင် KNDF B04 တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
အင်အား ၅၀ ခန့်ရှိအဆိုပါစစ်ကြောင်းကို ယမန်နေ့ဒီဇင်ဘာ ၁၃ရက်၊ နေ့လည် ၁နာရီဝန်းကျင်တွင်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ နှင့် ကရင်နီတပ်မ တော် KA တို့ပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်တိုက်ခဲ့သည်။
ကရင်နီတပ်များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံး၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲအတွင်း၌စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီး များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကရင်နီပူးပေါင်းတပ်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF B04 တပ်ရင်းကဖော်ပြထားသည်။
ယခုဒီဇင်ဘာလအတွင်း၌ ဖရူဆိုမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်များ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်။
ပြီးခဲ့သော ရက်သတ္တပတ်ဒီဇင်ဘာလ ၄ရက်တွင်လည်း ဖရူဆိုမြို့တွင်း၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၄)(KNDF-04)မှ ရဲဘော်ဂျေရိုမ်း ကျဆုံးခဲ့ရသည်။