![]()
ခင်သရဖီဦး/မတ် ၂၆
မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ရှိ အမ်း-ပဒါန်း လမ်းပိုင်းပေါ်တွင် တည်ရှိသော စစ်ကော်မရှင်၏ အရေးပါသည့် လေကြောင်းရန်ကာကွယ်ရေးစခန်း (နတ်ရေကန်ဗျူဟာကုန်း) သို့ စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ယနေ့အထိ ဆက်တိုက်ပြင်းထန်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့၌ ပဒါန်းဘက်မှ အရပ်သားသုံး မော်တော်ယာဉ် (၄) စီးဖြင့် တက်လာသည့် ထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိများအပါအဝင် (၁၀) ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း သိရသည်။
ပဒါန်းမြို့အခြေစိုက် မစခ (၉၀၅) အမြောက်တပ်ရင်းဌာနချုပ်မှ နတ်ရေကန်ဗျူဟာကုန်းသို့ ဦးတည်ချီတက်လာသည့် စစ်ကော်မရှင်၏ ယာဉ်တန်းကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော်နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သူတို့ဘက်က လူအင်အားကို အမြဲတမ်းဖြည့်ဖို့ ကြိုးစားနေတာ။ အရပ်သားကားတွေကို အသုံးချပြီး အင်အားဖြည့်တာတွေလုပ်လာလို့ ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က အကျအဆုံးများတယ်” ဟု အခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများကို အလွန်အကျွံ အသုံးပြု၍ ခုခံနေပြီး တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။
“တိုက်ပွဲက နေ့တိုင်းရှိတယ်။ သူတို့ဘက်က လက်နက်ကြီးတွေရော၊ ဂျက်ဖိုက်တာတွေနဲ့ရော ရမ်းသန်းပစ်ခတ်နေတာ တစ်ရက်မှ မနားဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်း၏ အခြေအနေမှာ AA နှင့် ပူးပေါင်းတပ်များ၏ အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသည်။
ဗျူဟာကုန်းအနီးအနားရှိ ကာကင်းစခန်းအားလုံးနီးပါးကို အာရက္ခတပ်တော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပြီး ဗျူဟာကုန်းမကြီးတစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များက ရိက္ခာလမ်းကြောင်းများကို အပြည့်အဝ ပိတ်ဆို့ဖြတ်တောက်ထားနိုင်သောကြောင့် စစ်ကော်မရှင်ဘက်မှ ပဒါန်းဘက်မှနေ၍ မြေပြင်ထိုးစစ်များကို မကြာခဏ လုပ်ဆောင်နေရသလို၊ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်းမကြီးအတွင်းတွင် စစ်ကော်မရှင်တပ်သား အင်အား ၅၀၀ ခန့်ဖြင့် ဆက်လက်ခုခံနေဆဲဖြစ်ကြောင်း သိရသည်။
ပုံ – AA တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (AA)
#နတ်ရေကန်ဗျူဟာကုန်း #စစ်ကော်မရှင် #AA #ThanLwinKhetNews
