![]()
သံလွင်ခက်/ဧပြီ ၄။
မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ ပေါက်မြို့နယ်ရှိ ကပစ ၂၄ နှင့် ပင်ထောင်ပျူစောထီးကျေးရွာသို့ ရိက္ခာနှင့် တပ်အင်အားများ ခေါက်တုံ့ခေါက်ပြန် ပို့ဆောင်နေသည့် စစ်ကော်မရှင်၏ MI-17 ရဟတ်ယာဉ်တစ်စီးကို ဧပြီ ၃ ရက်တွင် မြိုင် ပကဖ က ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။
ရဟတ်ယာဉ် ပစ်ခတ်ခံရမှုဖြစ်စဉ်၌ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတိအကျ မသိရသေးပေ။ ယင်းအခြေအနေကို သံလွင်ခက်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယင်းလေကြောင်းလှုပ်ရှားမှုအပြင် မြေပြင်တွင်လည်း ပေါက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များအကြား ပြီးခဲ့သည့် မတ်လအတွင်း ထိတွေ့တိုက်ပွဲ ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြိုင် ပကဖ ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ် ၉ ရက်မှစတင်ကာ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်ခွာလာသည့် အင်အား ၇၀၀ ခန့်နှင့် ယာဉ်တန်း ၁၅၀ ကျော်ပါဝင်သော စစ်ကော်မရှင် စစ်ကြောင်းသည် ပေါက်မြို့နယ်တောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ကြောင်းသည် ပေါက်-ဆိပ်ဖြူ လမ်းပိုင်းနှင့် ပုသိမ်-မုံရွာ လမ်းပိုင်းအတိုင်း ချီတက်ခဲ့ပြီးနောက် ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ နှင့် နယ်မြေတွင်းရှိ ပျူစောထီးကျေးရွာများသို့ ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းကို ပေါက် ပကဖ၊ မြိုင် ပကဖ၊ ဆိပ်ဖြူ ပကဖ နှင့် MGY PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ရုပ်သံ – မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်ပကဖ
ထို့အပြင် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ ၁၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း အများအပြား ရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်တွင်မူ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဒရုန်း ၂ စီး ပျက်စီးခဲ့သော်လည်း သေဆုံးသူမရှိဟု သိရသည်။
စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ဈေးဆိုင်များနှင့် ပစ္စည်းများကို လုယက်ယူဆောင်လျက်ရှိသည်။ ထို့အပြင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများကိုလည်း ကျူးလွန်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် ပေါက်မြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်၏ လှုပ်ရှားမှုများ ဆက်တိုက်ရှိနေသဖြင့် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိဖြင့် နေထိုင်ကြရန် မြိုင် ပကဖ က သတိပေးထားသည်။
#ပေါက် #ရိက္ခာပို့ #စစ်ကော်မရှင်ရဟတ်ယာဉ် #ThanLwinKhetNews
