ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး၌ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ်CDF တပ်ဖွဲ့ဝင်များက ယမန်နေ့ ဒီဇင်ဘာ ၁၃ရက်တွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အင်အား ၂၀ ခန့်ဖြင့် ကင်းလှည့်လာသည့်စစ် ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ်-မတူပီလမ်း ၅မိုင် ၅ဖာလုံတွင် CDF-Mindat တပ်ဖွဲ့ဝင်များက အနီးကပ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှတပ်ဖွဲ့ဝင်၃ဦးသေဆုံး၍ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်CDF ကထုတ်ပြန်ထား သည်။
” သူတို့(စစ်ကောင်စီတပ်)က မင်းတပ်မြို့ပြင် ၃မိုင်မှာနေတာ။ အဲ၃မိုင်ကနေ ၄မိုင်တို့၊ ၅မိုင်တို့အနီးနားတွေမှာ အမြဲလိုလိုကင်းလှည့်နေတာပေါ့နော်။ အဲကင်းလှည့်တဲ့နေရာမှာ ထိတွေ့မှုဖြစ်တာ။ မင်းတပ်မြို့နဲ့ဆို ၅မိုင်လောက်ဝေးတာပေါ့နော်။ သူတို့စခန်းနဲ့က တစ်မိုင်ကျော်လောက်ပဲဝေးတယ်”ဟု CDF များနှင့်နီးစပ်သူ မင်းတပ်ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မင်းတပ်မြို့အနောက်ဘက် မင်းတပ်-မတူပီ လမ်းမကြီး ၅ မိုင်၊ ၅ ဖာလုံထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတက်ဘက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သော်လည်း CDF-Mindat ရဲဘော် များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်နှင့်ကျောက်ထုနယ်စပ်များသို့ စစ်ကောင်စီတပ်များက မကြာ ခဏ စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် တောင်ယာလုပ်ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
” မင်းတပ်နဲ့ ၁၅မိုင်၊ မိုင် ၂၀လောက်ဝေးတဲ့ ယောနယ် ကျောက်ထုဘက်မှာ စစ်ကြောင်းတွေ ပတ်ပတ်ထိုးနေပြီးတော့မှ မင်းတပ်ရဲ့အစပ်ကိုတက်တက်လာလိုက် ပြန်ဆင်းသွားလိုက် အဲလိုလုပ်နေတာပေါ့နော်”ဟု ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုအခြေအနေကို အသက် ၃၀ ကျော်အရွယ်ရှိ မင်းတပ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း မင်းတပ်နှင့်ကန်ပက်လက်အစပ်ကို စစ်ကောင်စီတပ်ကစစ် ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူများကိုပစ်ခတ်ခဲ့သောကြောင့် သက်ကြီးရွယ်အိုများအပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။