ကရင်အမျိုးသားအစည်းအရုံ KNU ၊ မူတြော်ခရိုင်၊ KNLA အမှတ် ၅ တပ်မဟာထိန်းချုပ်နယ် မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ဝင် ရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ဖော်ပြထားသည်။
ယခုလဒီဇင်ဘာ ၁၂ရက်တွင် လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စုအတွင်း၌ အခြေချနေသည့် စစ်ကောင်စီတပ်၏ ထော်မူပလယ်မဲခြေကုပ်စခန်းအား KNLA တပ်ဖွဲ့ဝင်များက ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါတိုက်ခိုက်မှုသည် နံနက် ၉း၀၀ နာရီ ၁၁း၀၀ နာရီအချိန် နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး KNLA တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ခြေကုပ်စခန်း၏ တဲနှစ်လုံးအား ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
ထို့နေတွင် စစ်ကောင်စီတပ်များနှင့်KNLAတပ်ဖွဲ့ဝင်များဒွယ်လိုးမြို့နယ်၊ဘော့လူတောင်ခြေ၊ ဘီးလင်းချောင်းဘေးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှတစ်ဦးသေဆုံး ၍ တစ်ဦးဒဏ်ရာရရှိခဲ့ကာ KNLAတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၁ရက်၊ နံနက်ပိုင်းတွင် လည်းဖာပွန်-ကမမောင်းကားလမ်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဆင်ဆွယ်စခန်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA တပ်ဖွဲ့ဝင် များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များထိခိုက်မှုရှိသော်လည်း အတည်မပြုနိုင် သေးကြောင်းနှင့် KNLA တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ကေအဲန်ယူတပ်မဟာနယ်မြေအတွင်း၌ စစ် ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက် မှုများ အဆက်မပြတ်ကျူးလွန်နေသောကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေသည်ဟု မူတြော်သတင်းကဖော်ပြထားသည်။
ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း၌ တိုက် ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၁၁၆) ကြိမ်အထိဖြစ် ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များဘက်မှ (၆၉)ဦးသေဆုံးပြီး (၅၁) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ် ပြန်ထားသည်။
ကေအဲန်ယူဗဟိုက ပြီးခဲ့သော နိုဝင်ဘာလအတွက် သတင်းထုတ်ပြန်မှု၌ တပ်မဟာ ၁မှ တပ်မဟာ ၆ အထိ တပ်မ၆ ခုတို့၌ တိုက်ပွဲပေါင်း ၂၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၃၃၃ ဦးသေဆုံးကာ ၂၃၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။