![]()
သံလွင်ခက်/ဧပြီ ၆။ ဓါတ်ပုံ – တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ဝေါလေဒေသခံများ(CJ)
တိုက်ပွဲများပြင်းထန်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်ခြမ်းရှိ ဝေါလေဒေသကို ယနေ့နံနက်ပိုင်းအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဒေသရှိ စစ်အုပ်စုအခြေစိုက်ရာ ဝေါလေဗျူဟာကုန်းအနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
“ဒီကနေ့မနက်ပိုင်းမှာက တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲတယ်။ ဆယ်လုံးလောက်ရှိမယ်”ဟု ဝေါလေဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
စစ်အုပ်စုသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များစုပေါင်းတိုက်ခိုက်နေသော ဝေါလေဗျူဟာကုန်းသို့ ယမန့်နေ့က ရဟတ်ယာဉ်ဖြင့် ရိက္ခာများလာရောက်ပို့ဆောင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု ဒေသခံအရေးလုပ်ဆောင်နေသူများက ပြောသည်။

အဆိုဒေသတွင်းတိုက်ပွဲများကြောင်း ဒေသခံထောင်ချီပြီး ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။
“လက်ရှိမှာက ချောင်းဘေးနဲ့ ထိုင်းဘက်ခြမ်းကို တိမ်းရှောင်နေကြတယ်။ အဆင်ပြေတဲ့သူလည်းရှိတယ်။ သူတို့ကတော့ ထိုင်းဘက်ခြမ်းမှာ နီးစပ်ရာအိမ်တွေမှာ နေကြတာ၊ ငှားနေကြတာရှိတယ်။
အဆင်မပြေသူတွေကတော့ ချောင်းအနီးတဝိုက်မှာ ခိုနေကြတယ်”ဟု စစ်ဘေးရှောင်အရေးကူညီနေသူ ဖုတ်ဖမြို့နေ နော်ရီရီကပြောသည်။
လက်ရှိအချိန်တွင် တော်လှန်ရေးတပ်များနှင့် စစ်အုပ်စုများကြား မြဝတီ-ဝေါလေလမ်းပိုင်းပေါ်ရှိ မင်းလက်ပံနှင့် ဝေါလေဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲများကြားတွင် စစ်အုပ်စုက လက်နက်ကြီးများ၊ လေယာဉ်ဗုံးများနှင့် ဒရုန်းများတိုက်ခိုက်မှုကြောင့် ဖလူး၊ မင်းလက်ပံ၊ ထီးသဲလယ်နှင့် ဝေါလေမြို့စွန်ရပ်ကွက်ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ မီးလောင်ခဲ့ရသည်ဟု ဒေသတွင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။
#စစ်အုပ်စု #ဝေါလေဒေသ #လေကြောင်းဗုံးကြဲတိုက်ခိုက် #ThanLwinKhetNews
