နေပြည်တော် ပ.က.ဖရဲဘော်ဖုန်းမြတ်ကိုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးနောက် ၃ ရက်မြောက်နေ့၌ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားခဲ့ပြီးဖြစ်သည်ဟု ယနေ့တွင် နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ကျဆုံးသွားခဲ့သည့်ရဲဘော်ဖုန်းမြတ်ကိုသည်CDM ကျောင်းသား တစ်ဦးဖြစ်ပြီး နေပြည် တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မစ်ရှင်ဆောင်ရွက်ခဲ့သည့် ယခုလ ဒီဇင်ဘာ ၁ရက်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု နေပြည်တော် ပ.က.ဖ ကဖော်ပြထားသည်။
နေပြည်တော် ပ.က.ဖသည် ပျဥ်းမနား ပ.က.ဖ အဖွဲ့နှင့်ပူးပေါင်း၍ ယခုလဒီဇင်ဘာ ၁ရက်၊ နံနက် ၇နာရီခွဲအချိန်တွင် လယ်ဝေးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ဂိတ်တဲနားတွင် မိုင်းတစ်လုံးခွဲ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားမျှားခေါ်ကာလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရန် မစ်ရှင်ဆောင်ရွက်ခဲ့ သည်။
လမ်း၌ခွဲရန်စီစဥ်ထားခဲ့သော မိုင်းနှစ်လုံးအနက် အဓိကကျသည့် မိုင်းတစ်လုံးမှာ ကောက်ယူခြင်းခံခဲ့ရပြီး ကျန်တစ်လုံးသာ ပေါက်ကွဲခဲ့သည်။
ထိုနေ့၌ စစ်ရေးမစ်ရှင်သည် ကြိုတင်စီစဥ်ထားသည့်အတိုင်း အပြည့်အဝမအောင်မြင်ခဲ့သည့်အပြင် နေပြည်တော် ပ.က.ဖ ရဲဘော်တစ်ဦးမှာ ဖမ်းဆီးခံလိုက်ရသည်။
မစ်ရှင်ဆောင်ရွက်ခဲ့သည့် ဒီဇင်ဘာလ ၁ရက်နေ့ ၌ ဖမ်းဆီးခံလိုက်ရသော ရဲဘော်ဖုန်းမြတ်ကိုသည် ဒီဇင်ဘာလ ၃ ရက်တွင် စစ်ကြောရေးတွင် ကျဆုံးခဲ့ကာ ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် မိမိတို့အတွက် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု နေပြည်တော် ပ.က.ဖ အဖွဲ့ကထုတ်ပြန်ထား သည်။
ထို့ပြင် ရဲဘော်ဖုန်းမြတ်ကိုနှင့်ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ၏ စိတ်ဓါတ်ကိုကိုင်စွဲ၍ နွေဦးတော်လှန်ရေးအောင်မြင် သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နေပြည်တော် ပ.က.ဖ အဖွဲ့က သစ္စာပြုဖော်ပြထားသည်။
ရဲဘော်ဖုန်းမြတ်ကို ဖမ်းဆီးခံလိုက်ရသည့်ဖြစ်စဥ်နှင့် ကျဆုံးသွားကြောင်းအတည်ပြုသိရှိရခြင်းဖြစ်စဥ်တို့အား နေပြ ည်တော်ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းထားရာ လက်တလော၌ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။