ဘုန်းမောင်
အောက်တိုဘာ ၇၊ ၂၀၂၄။
မြန်မာနိုင်ငံတွင် စစ်တပ်သည် ၎င်း၏နိုင်ငံရေးအာဏာအတွက် ဗုဒ္ဓဘာသာကို လက်နက်တစ်ခုအဖြစ် ကောင်းစွာအသုံးချခဲ့ပါသည်။ ယခုဆောင်းပါးတွင်တော့ မြန်မာစစ်တပ်သည် ဗုဒ္ဓဘာသာကို မဟာဗျူဟာတစ်ခုအဖြစ်အသုံးချပြီး ၎င်းတို့အုပ်ချုပ်ရေးတရားဝင်စေရန် မည်ကဲ့သို့အသုံးချခဲ့သနည်းဆိုသည်နှင့် မြန်မာ စစ်တပ်၏ခြယ်လှယ်မှုများကြောင့်ဖြစ်ပေါ်ခဲ့ရသောသက်ရောက်မှုများအကြောင်း ဆန်းစစ်ထားပါသည်။
အသေးစိတ်အချက်အလက်များမလေ့လာမီ မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်သလို မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားလာမှုနှင့် နိုင်ငံရေးစွမ်းအားများကြား နက်ရှိုင်းစွာဆက်နွယ်နေမှုများကို ပထမဦးစွာသဘောပေါက်ဖို့အရေးကြီးပါသည်။ အသီးသီးသောမြန်မာမင်းဆက်များသည် ၎င်းတို့ ၏နိုင်ငံရေးအာဏာခိုင်မြဲစေရန်အတွက် ဗုဒ္ဓဘာသာကိုအသုံးချခဲ့ပါသည်။
သမိုင်းမှတ်တမ်းများအရဆိုလျှင်တော့ ၁၁ ရာစုနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ဗုဒ္ဓဘာသာရောက်ရှိခဲ့ပြီး ယင်းသို့ရောက်ရှိလာခဲ့ခြင်းက သက်ဦးဆံပိုင်ဘုရင်စနစ်ကို အထောက်အပံ့ဖြစ်စေခဲ့ပါသည်။ အာဏာရှင်မင်းတစ်ပါးဖြစ်သော အနော်ရထာသည် ၎င်း၏နိုင်ငံရေးအာဏာကိုစုစည်းကာ ပုဂံမင်းဆက် (ခရစ်နှစ် ၈၄၉- ၁၂၉၇) ကိုတည်ထောင်ခဲ့ပြီး ထိုသို့တည်ထောင်နိုင်ရန်အတွက်လည်း ဗုဒ္ဓဘာသာကို အုတ်မြစ်တခုသဖွယ် အသုံးချခဲ့ပါသည်။ ထိုအချိန်ကစ၍ ဗုဒ္ဓဘာသာသည် ပင်မဘာသာတရားဖြစ်လာခဲ့တော့သည်။
ဒုတိယမြန်မာမင်းဆက်ဖြစ်သော တောင်ငူမင်းဆက် (ခရစ်နှစ် ၁၅၁၀- ၁၇၅၂) ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်မင်းလက်ထက်မှာတော့ မြန်မာနိုင်ငံသည် ယင်းခေတ်၏အကြီးမားဆုံးနှင့် အချမ်းသားဆုံးတွေအနက်ကတစ်ခုဖြစ်လာခဲ့သည်။ ဘုရင့်နောင်သည်လည်း ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်သည့်အလျောက် သာသနာ့ဒါယကာဘွဲ့ခံယူကာ စေတီအများအပြားတည်ထားကိုးကွယ်ခဲ့သလို ဘုန်းကြီးကျောင်းများကိုလည်း ရက်ရက်ရောရောလှူဒါန်းခဲ့ပါသည်။
၁၇၅၂ ခုနှစ်တွင် အလောင်းဘုရားသည် ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့ပြန်သည်။ ယင်း ကုန်းဘောင်မင်းဆက်သည် ဗြိတိသျှတို့မြန်မာနိုင်ငံကိုသိမ်းယူခဲ့သည့် ၁၈၈၅ ခုနှစ်အထိ တည်တံ့ခဲ့သည်။ အလောင်းဘုရားသည် စစ်ရေးနှင့်နိုင်ငံရေးတို့၌စိုးမိုးမှုရှိစေရန် လူမျိုးစုလက္ခဏာကို မဟာဗျူဟာတစ်ရပ် အဖြစ်ရှေ့တန်းတင်ခဲ့သည့် ပထမဆုံးသောမြန်မာဘုရင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
မင်းတုန်းမင်းလက်ထက် ၁၈၇၁ ခုနှစ်မှာတော့ ပဥ္စမသင်္ဂါယနာတင်ပွဲကျင်းပခဲ့သည်။ ပဥ္စမသင်္ဂါယနာတင်ပွဲ မတိုင်ခင်ကျင်းပခဲ့သော စတုတ္ထသင်္ဂါယနာတင်ပွဲကိုတော့ သာသနာသက္ကရာဇ် ၄၅၀ နှစ်ပြည့်မြောက်ချိန်၌ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံတွင်ကျင်းပခဲ့ကာ ပေထက်အက္ခရာတင်ခဲ့ပါသည်။ ယင်းမတိုင်ခင်တုန်းကတော့ ပါဠိတော်များအား အလွတ်အာဂုံဆောင်သောနည်းလမ်းဖြင့် ပျောက်ပျက်မသွားအောင်ထိန်းသိမ်းခဲ့ကြသည်။ အဆိုပါနှုတ်တက်အာဂုံဆောင်သောနည်းလမ်းက နောင်တွင် အလွယ်တကူပျောက်ကွယ်သွားနိုင်သည်ကို ရိပ်စားနားလည်လာကြသည့်အတွက် ပေရွက်များပေါ်ရေးတင်ခဲ့ရာ ၁ နှစ်ကြာမြင့်ခဲ့ပါသည်။
သမိုင်းမှတ်တမ်းများအရသော်လည်းကောင်း၊ ဗုဒ္ဓဘာသာစာပေများတွင် ဖော်ပြချက်အရသော်လည်းကောင်း စတုတ္ထသင်္ဂါယနာတင်ပွဲနှင့် ပဥ္စမသင်္ဂါယနာတင်ပွဲကြား နှစ်ပေါင်း ၂၀၀၀ နီးပါးကွာဟနေသည်ကိုတွေ့ရပြီး မင်းတုန်းမင်းလက်ထက်၌ကျင်းပခဲ့သော ပဥ္စမသင်္ဂါယနာတင်ပွဲက မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် သင်္ဂါယနာတင်ပွဲလည်းဖြစ်ခဲ့သည်။ ရလဒ်အားဖြင့်ဆိုလျှင်တော့ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာထွန်းကားလာမှုက မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် နီးနီးကပ်ကပ်ဆက်စပ်နေသည်ကို တွေ့နိုင်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှအင်ပါယာလက်အောက်ကလွတ်မြောက်ကာ လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ၏ ပထမဆုံးသောဝန်ကြီးချုပ်က ဦးနုဖြစ်သည်။ ဦးနုသည် အမျိုးသားရေးဝါဒီတစ်ယောက်ဖြစ်ကာ ဗုဒ္ဓဘာသာအပေါ် အလွန်အမင်းသက်ဝင်ကိုင်းရှိုင်းသူတစ်ယောက်လည်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်မှာတော့ ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခဲ့ပြန်သည်။ ပဥ္စမသင်္ဂါယနာနှင့် ဆဋ္ဌမသင်္ဂါ ယနာကြား နှစ်ပေါင်း ၈၀ ကျော်သာကွာဟသည်။ ဆဋ္ဌမသင်္ဂါယနာကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပခဲ့သည်။
မျက်မှောက်ခေတ်ဗုဒ္ဓဘာသာသမိုင်းမှာတော့ မြန်မာနိုင်ငံသည် ရာစုနှစ်တစ်ခုအတွင်း သင်္ဂါယနာ ၂ ကြိမ် တင်နိုင်ခဲ့သောနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတော့သည်။
၁၉၆၁ ခုနှစ်မှာတော့ ဦးနုက နိုင်ငံတော်ဘာသာအက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်၊ စနေနေ့၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဋ္ဌာန်းခဲ့ကာ အစိုးရကိုယ်တိုင်သည်လည်း ဗုဒ္ဓဘာသာ၏ဥပသကာ ဖြစ်လာခဲ့လေတော့သည်။ ဦးနုခေါင်းဆောင်သော လွတ်လပ်ပြီး ခေတ်မြန်မာအစိုးရ၏ အဆိုပါဆောင်ရွက်မှုက ဗုဒ္ဓဘာသာမဟုတ်သော ကျန်လူနည်းစုများကြား မကျေနပ်မှုများဖြစ်ပွားစေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော မြန်မာစစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့သည်။ ယင်းသို့ အာဏာသိမ်းယူနိုင်ရန်အတွက်လည်း ဘာသာရေးအကြောင်း ပြမငြိမ်သက်မှုများနှင့် တင်းမာမှုများအပေါ် ဗိုလ်ချုပ်ကြီးနေဝင်းက ကောင်းကောင်းအမြတ်ထုတ်နိုင်ခဲ့ပါသည်။
တိုင်းရင်းသားလူနည်းစုများအရေးနှင့် တိုင်းပြည်တွင်ကြုံနေရသောပြဿနာများကို မြန်မာစစ်တပ်က ပိုမို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာပြည်သူများက အစကနဦးတွင်ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့်လည်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း၏အာဏာသိမ်းမှုအပေါ် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များက အစောပိုင်းတွင်ထောက်ခံခဲ့ကြပါသေးသည်။
သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ၏ ကနဦးဆောင်ရွက်ချက်တစ်ခုက ဗုဒ္ဓဘာသာမဟုတ်သောလူနည်းစု ပိုင်စီးပွားရေးလုပ်ငန်းများကိုပစ်မှတ်ထားကာ ပြည်သူပိုင်အဖြစ်သိမ်းဆည်းခြင်းဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် တရုတ်နှင့်အိန္ဒိယလူမျိုးအများအပြားသည် နေ့ချင်းညချင်းပင် ကုန်းကောက်စရာမရှိအောင် မွဲပြာကျသွားပြီး ဒုက္ခသည်များဖြစ်လာခဲ့ကြသည်။ ထို့အတူ ၎င်းတို့အား တရုတ်၊ အိန္ဒိယနှင့် စင်ကာပူကဲ့သို့သော နိုင်ငံများဆီသို့ထွက်ပြေးရန် အစိုးရကတွန်းအားပေးသလိုဖြစ်စေခဲ့ပါသည်။
ယင်းအပြင် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သောအစိုးရသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေပြဋ္ဌာန်းချက်အရ ဌာနေတိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ခံထားရသော မိဘနှစ်ပါးတို့ကနေ မွေးဖွားလာကြသော ကလေးများအား အလိုအလျောက်နိုင်ငံသားအဖြစ် အပြည့်အဝသတ်မှတ်ပိုင် ခွင့်အားကန့်သတ်ထားသည်ကိုတွေ့ရပါသည်။ ယင်းကြောင့် တရုတ်နွယ်ဖွားများနှင့် ဗမာမူဆလင်ကဲ့သို့ သောမျိုးနွယ်စုများသည် ဗျုရိုကရေစီဆိုင်ရာအတားအဆီးများအား ထပ်မံရင်ဆိုင်ကြရပြန်သည်။ ဥပမာအားဖြင့် ယင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက ရခိုင်ပြည်နယ်တွင်နေထိုင်ကြကုန်သော ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့် (သို့) မှန်ကန်သောအထောက်အထားများထုတ်ပေးခွင့်စသည်တို့ကနေ ချန်လှပ်ထားခဲ့ပါသည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုက မြန်မာ့လူ့အဖွဲ့အစည်းအပေါ် အကြီးအကျယ်ထိခိုက်စေခဲ့သည့်အပြင် စီးပွားရေးကျဆင်းမှုများလည်းဖြစ်ပေါ်စေခဲ့ကာ အာဏာရှင်စစ်အစိုးရစနစ်အောက် ကာလရှည်ကြာနေထိုင်ဖို့ ကနဦးခြေလှမ်းလည်းဖြစ်ပေတော့သည်။ ထိုအချိန်ကစ၍ စစ်တပ်သည် မြန်မာနိုင်ငံတွင် အာဏာအရှိဆုံးသောအဖွဲ့အစည်းကြီးတစ်ခုဖြစ်လာစေခဲ့သည်သာမက စစ်အုပ်ချုပ်ရေးဖြင့်တိုက်ရိုက်အုပ်ချုပ်ခြင်းအပါအဝင် ဆိုရှယ်လစ်အစိုးရဟူ၍ခေါ်ဆိုကြပြန်သော ပုံစံပေါင်းစုံဖြင့် တိုင်းပြည်ကိုဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့ ပါသည်။ ယင်းကာလများတလျှောက်လုံး စစ်တပ်သည် ဗမာ့ဗုဒ္ဓဘာသာအမွေအနှစ်များအား ၎င်း၏ကိုယ်ပိုင် နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးပြုခဲ့ပါသည်။
မြန်မာစစ်အာဏာရှင်များသည် ၁၉၈၉ ခုနှစ်တွင် ဗမာဆိုသည်ကနေ မြန်မာဟူ၍ ပြောင်းလဲခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၁၉၉၂-၂၀၁၁) ဦးဆောင်သောမြန်မာစစ်အစိုးရသည် လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာခြားများအပေါ် ဆက်လက်နှိပ်ကွပ်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာမဟုတ်သော အခြားအသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုများဖြစ်ပေါ်လာစေရန် မြန်မာစစ်အာဏာရှင်များက ပစ်မှတ်ထားဆောင်ရွက်ခဲ့သည်။
မှတ်သားဖွယ်ရာအချက်တစ်ချက်မှာ အာဖဂန်နစ္စတန်ရှိ ကမ္ဘာ့အကြီးမားဆုံး ဘာမီယံဗုဒ္ဓရုပ်ပွားတော်များအား တာလီဘန်တို့ကဖျက်ဆီးခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ်ပြန်လည်တုံ့ပြန်သည့်အနေဖြင့် တောင်ငူမြို့ရှိ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ ဟံသာဗလီအား ၂၀၀၁ ခုနှစ် မေလတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဟံသာဗလီအပြင် အခြားတစ်ပါးသောဗလီများအား အကြမ်းဖက်သူများက ဖျက်ဆီးခဲ့ကြသည့်အပြင် မူဆလင်တို့၏နေအိမ်များနှင့် ဈေးဆိုင်များကိုလည်း ဖျက်ဆီးခဲ့ကြပါသေးသည်။
၂၀၀၇ ခုနှစ်မှာတော့ မြန်မာစစ်အာဏာရှင်များမျှော်လင့်မထားခဲ့သည့် ဗုဒ္ဓဘာသာရဟန်းတော်များဦးဆောင်သော တော်လှန်ရေးစိန်ခေါ်မှုတစ်ရပ်ပေါ်ပေါက်လာခဲ့ပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အား ဈေးနှုန်းမြှင့်တင်ရောင်းချရန် မြန်မာစစ်အစိုးရကဆုံးဖြတ်ခဲ့သောကြောင့် မြန်မာပြည်သူလူထု၏ စီးပွားရေးကြပ်တည်းမှုများက သိသိသာသာကိုပင် ဆိုးရွားလာခဲ့ပါတော့သည်။ ထို့ကြောင့်လည်း သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်အရေးအခင်းကြီးပေါ်ပေါက်လာခဲ့သည်။ မြန်မာစစ်တပ်သည် ၎င်းတို့အစဥ်အမြဲ အသုံးပြုလေ့ရှိသော ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများဖြင့် သံဃာတော်များအားတုံ့ပြန်ခဲ့သည်။ မြန်မာစစ်တပ်၏ သံဃာတော်များအပေါ် တိုက်ရိုက်ပစ်မှတ်ထားနှိပ်ကွပ်ခဲ့ခြင်းတို့က အစိုးရ၏တရားဝင်မှုကိုထိခိုက်စေပါသည်။
လူပေါင်း ၁ သန်းကျော်သေဆုံးခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ၂၀၀၈ ခုနှစ်မှာတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင်ကျင်းပခဲ့ပြီး ရွေးကောက်ခံအစိုးရထံ အာဏာလွဲပြောင်းပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပခဲ့သည်ဆိုသော်လည်း ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၁၂ ခုနှစ် တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကအနိုင်ရခဲ့ပြီးနောက်မှာတော့ စစ်တပ်အနေဖြင့် နိုင်ငံရေးအမြတ်ထုတ်ရန် ဗုဒ္ဓဘာသာကို တဖန်ပြန်လည်အသုံးချခဲ့ပါသည်။ အစွန်းရောက် အမျိုးသားရေးဝါဒီဦးဝီရသူအား “ဗုဒ္ဓဘာသာအကြမ်းဖက်” နာမည်ဖြင့် ကမ္ဘာကျော် Times မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။ ဦးဝီရသူကဲ့သို့သော အစွန်းရောက်ဗုဒ္ဓဘာသာများက ၉၆၉ အမည်ဖြင့်လှုပ်ရှားခဲ့ကြသည်။ ၎င်းတို့၏ပစ်မှတ်က ရိုဟင်ဂျာမူဆလင်များဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် မိတ္ထီလာအရေးအခင်းဖြစ်ပွားခဲ့သည်။ မိတ္ထီလာသည် NLD ပါတီ၏နာယကနှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်၏မဲဆန္ဒနယ်လည်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုများတွင် ဒေသခံမူဆလင်များကို ပစ်မှတ်ထားပြီး ဗလီနှင့်နေအိမ်များဖျက်ဆီးကာ မူဆလင်အများအပြားသေဆုံးခဲ့ရသည်။ မြန်မာစစ်တပ်၏နည်းဗျူဟာက ဘာသာရေးတင်းမာမှုများကိုအရှိန်မြှင့်တင်ရန်ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကြီးထွားလာနေသောနိုင်ငံရေးလွှမ်းမိုးမှုများကိုပျက်ပြားစေရန်အတွက် “တပ်မတော်သည် ဗုဒ္ဓဘာသာကို ကာကွယ်သူဖြစ်သည်” ဟူသောမျက်နှာဖုံးတပ်ဆင်ခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း NLD က မူဆလင်ကိုယ်စားလှယ်များ ပါတီကိုယ်စားပြုအဖြစ် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ ၎င်းအချက်ကလည်း နိုင်ငံတွင်းကြီးမားလာနေသော မူဆလင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို မီးလောင်ရာလေပင့်ဖြစ်စေခဲ့ပါသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိပြီးနောက် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များအပေါ် မြန်မာစစ်တပ်က လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်။ ICJ တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်တပ်ကို ကာကွယ်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မဘသဆရာတော်ဖြစ်သော သီတဂူဆရာတော်နာမည်ကြီးလာခဲ့ပြန်သည်။ ဝါသဝနှင့် ပေါက်ကိုယ်တော်ကဲ့သို့သော စစ်သွေးကြွဘုန်းကြီးများသည်လည်း အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းကာ အကြမ်းဖက်ပြည်သူ့စစ်များကို ဦးဆောင်နေပါသည်။
နိုင်ငံတော်ပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားများတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏တပ်တွင်းအသိုင်းအဝိုင်းများက သံဃာတော်များအားလှူဒါန်းခြင်း၊ ကျောင်းဆောက်၊ ဘုရားတည်ခြင်းများ အစဥ်ထုတ်လွှင့်ဖော်ပြလျက်ရှိသည်။ နေပြည်တော်တွင်လည်း ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်ကြီး တည်ထားခဲ့သည်။ ဤလုပ်ရပ်များကိုကြည့်လျှင် စစ်တပ်သည် ဘာသာရေးဆိုင်ရာသင်္ကေတများသုံးပြီး ၎င်းတို့တရားဝင်မှုရရှိစေရန်ဆောင်ရွက်နေသော မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း သိသာနိုင်ပါသည်။
နိဂုံးချုပ်ရမည်ဆိုလျှင်တော့ မြန်မာစစ်တပ်သည် ၎င်းတို့၏နိုင်ငံရေးအာဏာတည်မြဲရန်အတွက် ဗုဒ္ဓဘာသာကို အမြဲအသုံးချလေ့ရှိပြီး အမျိုးသားရေးဝါဒီဘုန်းကြီးများအား ၎င်းတို့လက်တွင်းချုပ်ကိုင်ထားခြင်းဖြစ်သည်။ သို့သော် လက်ရှိမျိုးဆက်သစ်များကတော့ မတူကွဲပြားမှုများကို လက်ခံယုံကြည်ထားကြသည့်နည်းတူ နောင်လာမည့်အနာဂတ်တွင်လည်း စစ်တပ်၏ ဘာသာရေးအပေါ်ခြယ်လှယ်မှုများ ကင်းဝေးသွားလိမ့်မည်ဟု ယုံကြည်ရပါသည်။