သဇင်
အောက်တိုဘာ ၇၊၂၀၂၄။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် သာယာဝတီတော်လှန်ရေးတပ်ဖွဲ့တို့အကြား ၂ ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်လိုက်သည်။
“သူတို့ (ဆည်ကို) လက်လွှတ်ထားတာ တစ်နှစ်ရှိပြီ။ အရင်ကလည်း တိုက်ပွဲဖြစ်တော့ဖြစ်တယ်။ စစ်ကြောင်းထိုးကို အများကြီး ၁၄ ယောက်၊ ၁၅ ယောက်နဲ့ စစ်ကြောင်း ထိုးဖို့လုပ်နေတာ။ လောလောဆယ်တက်လာမသေးဘူး၊ တက်လာရင်တိုက်ပွဲကဆက်ဖြစ်နေဦးမှာ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ အဖွဲ့၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံရဲဘော် ဒူးယားက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်ကတည်းမှ ယင်းတမံသို့ စစ်ကောင်စီမှ အင်အား ၄၀ ကျော်ဖြင့် စတင်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင် နှစ်ဖက်တပ်အကြား မိနစ် ၂၀ အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးကာ (၁၄)ဦး ဒဏ်ရာရခဲ့သည်။
ထို့နောက် အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းတွင် ဝိုင်းကျေးရွာရဲစခန်းမှ အင်အား (၁၂) ဦးဖြင့် ရှေ့ပြေးကင်းထောက်စေလွှတ်ခဲ့ရာ တာဝါတိုင်ရွာအတွင်း၌ တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ် ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် မွန်းလွဲ ၃ နာရီခန့်တွင် ယင်းတမံသို့ အရပ်ဝတ်ဖြင့် ကင်းထောက်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးကို ဇီးကင်းပြန့်တောစပ်၌ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားသုံးဦး ထပ်မံသေဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ဆိုထားသည်။
ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံကို တော်လှန်ရေးတပ်ဖွဲ့များထံ စစ်ကောင်စီ လက်လွှတ်ခဲ့ရသည်မှာ ၁ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး ယင်းနေရာအား ပြန်လည်ရယူရန်ကြိုးစားနေမှုကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့က ဆိုထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ G-3 (၂)လက်၊ MA-1 (၁)လက်၊ ၆၀မမ BA 100 စိန်ပြောင်း (၁)လက်၊ အီနာဂါ (၁)လုံး၊ G-3 ကျည် (၁၈၁) တောင့်၊ MA-1ကျည် (၁၃) တောင့်၊ ကျည်ဘောက် (၄)ခု၊ အီကွေး မန့် (၁) ခု၊ ကျောပိုးအိတ် (၅)လုံး၊ စကစဦးထုပ် (၂)လုံး၊ မိုးကာ (၁)ထည်၊ ငွေသား (၇၄၀၀)ကျပ်၊ လက်ကိုင်ဖုန်း (၅) လုံး၊ မှတ်ပုံတင်နှင့်သက်သေခံကဒ်များကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ- အောက်တိုဘာ ၃ ရက် တိုက်ပွဲ တွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်း များ။ ဓာတ်ပုံ-မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို