(၉ လအတွင်း ဆေးဝါးမလုံလောက်၍ နိုင်ကျဉ်း ၁၁ ဦးနှင့် CDM ရဲတစ်ဦးသေဆုံးဟု PPNM ဆို)
သံလွင်ခက်
အောက်တိုဘာ ၇၊ ၂၀၂၄။
အကျဥ်းထောင်အတွင်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရသည့်အတွက် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ဒေါက်တာဇော်မြင့်မောင်သည် ယနေ့ နံနက် (၃)နာရီ အချိန်တွင် သွေးကင်ဆာရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်သွားခြင်းဖြစ်သည်။
စစ်ကောင်စီမှ ကင်ဆာရောဂါခံစားနေမှန်းသိလျက်နှင့် ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများမရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရသော နိုင်ငံရေးသမားကောင်းတစ်ဦးဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ဒေါက်တာဇော်မြင့်မောင်သည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပြည်သူနှင့်အတူ အခြားသောဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစ၍ကွယ်လွန်ချိန်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက်တစိုက်မတ်မတ်ဖြင့် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်အာဏာ ရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကိုခံခဲ့ရပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်တွင်လည်း ပုဒ်မအမျိုးမျိုးတပ်၍ နှစ်ရှည်ထောင်ဒဏ် (၂၉) နှစ်အထိ ချမှတ်ခြင်းခံခဲ့ရသည်။
ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးအစိုးရသက်တမ်း (၂၀၁၆- ၂၀၂၁) ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း အများပြည်သူက အပ်နှင်းထားသည့် အခွင့်အာဏာများကို ဒီမိုကရေစီကျင့်ဝတ်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးနှင့်မန္တလေးမြို့တော်နေ ပြည်သူတစ်ယောက်ချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတာဝန်များကို နေ့မအားညမနား တစိုက်မတ်မတ်ဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့ကိုယ်စားပြုတိုင်းဒေသကြီးဝန် ကြီးချုပ်ကောင်းတစ်ဦးလည်းဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့သည့်အတိုင်း ပြည်သူ့နွေဦး တော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- VOM