• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီ ထုတ်ပြန်
  • မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ အ‌ရေအတွက် တဖြည်းဖြည်းမြင့်တက်လာ
  • အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ
  • ၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်
  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်
  • ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ
  • ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့
  • ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»Tik Tok ကြောင့် ပိုမိုပျောက်ဆုံးလာတဲ့ ဘာသာရေးလွတ်လပ်ခွင့်
ဆောင်းပါး

Tik Tok ကြောင့် ပိုမိုပျောက်ဆုံးလာတဲ့ ဘာသာရေးလွတ်လပ်ခွင့်

thanlwinkhetBy thanlwinkhetOctober 7, 2024No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မိုးငယ်

အောက်တိုဘာ ၅၊ ၂၀၂၄။

ပြီးခဲ့တဲ့နှစ်က စစ်ရှုံးပြီးအထိနာခဲ့တဲ့ စစ်ကောင်စီဟာ တပ်တွင်းစိတ်ဓာတ်မြင့်တင်ဖို့နဲ့ စိတ်ခွန်အားတွေရစေဖို့ Tik Tok ပြိုင်ပွဲကိုလုပ်ပေးခဲ့ဖူးတယ်လို့ ဒီနေ့လိုအချိန်မှာပြောရင် ယုံတမ်းစကားလို့ မထင်လိုက်ပါနဲ့။

မနှစ်က သြဂုတ်လထဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းဦးဆောင်တဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံးက ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့တပ်နယ်တွေကို လျှို့ဝှက်စာပေးပို့ခဲ့တယ်လို့ DVB- သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“Facebook နဲ့ TikTok မှာ စက်တင်ဘာ ၃ ရက်က စပြိုင်ရမှာ။ အဓိကက တပ်ကို ပြည်သူတွေချစ်ပြီး PDF တွေကို မုန်းသွားအောင် အဓိကရည်ရွယ်တာ။ နောက်တခုက ရှေ့တန်းမထွက်ချင်တဲ့ စစ်သားတွေလည်း စစ်တိုက်ထွက်ချင်လာအောင် ဆော့ပြရမှာ” လို့ မင်္ဂလာဒုံတပ်နယ်မှာနေတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးရဲ့ စကားကို ဒီဗွီဘီက ကိုးကားဖော်ပြခဲ့ပါတယ်။

အဲဒီလို ညွှန်ကြားချက်ထွက်လာပြီးနောက် စစ်ကောင်စီထောက်ခံသူတစ်ဦးဖြစ်တဲ့ Tik Tok အကောင့်ပိုင်ရှင် ကိုကျော်ကြီးဆိုသူဟာ သူ့အကောင့် စအသုံးပြုကတည်းက “ဗုဒ္ဓဘာသာတွေကို တိုက်ခိုက်နေသူတွေကိုပြောချင်တာက …” ဆိုပြီး ဘာသာခြားတွေကို တိုက်ခိုက်ခဲ့ပါတယ်။

သူ့အနေနဲ့ စစ်ကောင်စီပြုလုပ်တဲ့ Tik Tok ပြိုင်ဝင်ကို ဝင်ရောက်ယှဉ်ပြိုင်တယ်လို့မဆိုနိုင်ပေမယ့် သူ့အကောင့်ကို လေ့လာကြည့်တဲ့အခါ စစ်တပ်ထောက်ခံတစ်ဦးဖြစ်နေတာကို တွေ့ရပါတယ်။

သူဟာ ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်မူတည်ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံတာ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF တွေကို တိုက်ခိုက်ပြောဆိုတာ၊ စစ်မှုထမ်းဥပဒေကို အားပေးတာတွေနဲ့ ခရစ်ယာန်ဘာသာဝင်ရဲ့ယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်တွေကို တိုက်ခိုက်ဝေဖန်နေတာကို တွေ့ရပါတယ်။

သူရဲ့အကောင့်မှာဆိုရင် သူ့ကိုထောက်ခံသူ ၂ သိန်းနီးပါးအထိရှိပါတယ်။ သူဟာ ခရစ်ယာန်ဘာသာနဲ့ ဧဝံဂေလိဟောကြားသူတွေကို အဓိကထား တိုက်ခိုက်ပြောဆိုနေတာတွေ့ရပါတယ်။ သူ့ပို့စ်ရဲ့ကွန်မန့်အောက်တွေမှာလည်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာတွေအကြား အငြင်းပွားတာ၊ အမုန်းစကားပွားတာတွေဟာ ရာနဲ့ချီရှိနေခဲ့ပါတယ်။

Tik Tok ပေါ်မှာ အခုလို ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး တိုက်ခိုက်ပြောဆိုတာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ စိုင်းအေး (ခေါ်) ရွှေခေါင်းလောင်းဆိုသူဟာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

စိုင်းအေး (ခေါ်) ရွှေခေါင်းလောင်ဟာ သူ့ရဲ့ Tik Tok အကောင့်ကို ရွှေခေါင်းလောင်းဘုရင်လို့ နာမည်ပေးထားပြီး အခုနှစ်ဆန်းပိုင်းမှာ စတင်အသုံးပြုခဲ့တာပါ။

အစပိုင်းမှာ သူဟာ ကွတ်ခိုင်မြို့ရဲ့ ဈေးကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့ အကြောင်းကို ရိုက်တင်ခဲ့ပြီး Tik Tok ပရိတ်သတ်တွေကို စုဆောင်းခဲ့တာပါ။ အဲဒီနောက် ခရစ်ယာန်ဘာသာရဲ့ယုံကြည်ချက်တချို့ကို ရှင်းပြတာတွေ၊ ကလေးငယ်တွေကို အလှူအတန်းပြုလုပ်ခဲ့တာတွေကို တင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ခရစ်ယာန်ဘာသာရေးဆိုင်ရာဟောပြောချက်တွေနဲ့ ဗုဒ္ဓဘာသာယုံကြည်ချက်တွေကို ခိုင်းနှိုင်းပြောဆိုခဲ့တာ၊ ဝေဖန်ပုတ်ခဲ့တာလုပ်ဆောင်ပါတော့တယ်။ သူရဲ့ပြောဆိုချက်ကို လက်မခံနိုင်တဲ့ စစ်ကောင်စီထောက်ခံသူ ကိုကျော်ကြီးအပါအဝင် ဗုဒ္ဓဘာသာတစ်ချို့က ပြင်းပြင်းထန်ထန်ဝေဖန်တာနဲ့ဆဲဆိုတာတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ စိုင်းအေး (ခေါ်) ရွှေခေါင်းလောင်းကို တာချီလိတ်မြို့မှာဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀ (ည)၊ ၆၆ (ဃ)၊ ၅၀၅ (က) တို့နဲ့ အမှုဖွင့်လိုက်တယ်လို့ စစ်ကောင်စီရဲ့လော်ဘီတွေက Tik Tok မှာဖော်ပြကြပါတယ်။

၂၀၂၁ ခုနှစ်ဆန်းပိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ Tik Tok လိုဆိုရှယ်မီဒီယာပလက်ဖောင်းဟာ နိုင်ငံရေး၊ စစ်ရေးသာမကဘဲ ဘာသာရေးပဋိပက္ခဖြစ်ဖို့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ တစ်ဘာသာနဲ့ တစ်ဘာသာကြားမှာ တိုက်ခိုက်တာ၊ အမုန်းစကားပွားရာ အခင်းအကျင်းဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း ဖေ့စ်ဘွတ်ခ်ကုမ္မဏီက စစ်အုပ်စုတွေနဲ့ မ.ဘ.သ ထိပ်ပိုင်းခေါင်းဆောင်တွေကို တားဆီးပိတ်ပင်ခဲ့ပြီးနောက်မှာ Tik Tok ဟာ စစ်ကောင်စီထောက်ခံသူတွေရဲ့ အွန်လိုင်းအမုန်းစကားအပါအဝင် ဘာသာရေးလွတ်လပ်ခွင့်ကို တိုက်ခိုက်ဖို့အတွက် နေရာကောင်းတစ်ခုဖြစ်လာပါတယ်။

မ.ဘ.သလို့ စစ်ကောင်စီထောက်ခံသူတွေကတော့ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး လူမျိုးတစ်မျိုးရဲ့ရပ်တည်ပိုင်ခွင့်နဲ့ အသက်ရှင်ပိုင်ခွင့်တွေကိုပါ တိုက်ခိုက်လာနေကြတယ်လို့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပဋိပက္ခဆိုင်ရာလေ့လာသူတွေက သုံးသပ်ထားပါတယ်။

“ကရင်နီလို နေရာမျိုးတွေဆိုရင် ဒီလိုခရစ်ယာန်တွေကို ဗုံးကြဲပစ်လိုက်။ မြို့ပေါ်မှာရှိတဲ့သူတွေကို သတ်ဆို တာမျိုးပေ့ါ။ Tik Tok က တခြားဆိုရှယ်မီဒီယာတွေနဲ့မတူဘဲ အရမ်းကြမ်းတယ်။ လုံးဝကိုအထိန်းအကွပ်မဲ့တယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ကြိုက်သလိုတိုက်ခိုက်၊ ကြိုက်သလိုလုပ်၊ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်ဆိုတဲ့ အနေအထားဖြစ်နေတယ်။ အန္တရာယ်များတယ်” လို့ ပဋိပက္ခနဲ့နိုင်ငံရေးသုံးသပ်သူ ကိုခန့်သူ (အမည်လွှဲ) က ဆိုပါတယ်။

ကိုခန့်သူဟာ လူငယ်/ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူနည်းစုအရေးကိစ္စတွေကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။

အခုနှစ် မေလက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်- USCIRFရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါးချိုးဖောက်တဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံ ၁၇ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ဆိုထားပါတယ်။

မနှစ်က ထုတ်ပြန်ချက်မှာဆိုရင် စစ်ကောင်စီဟာ သူတို့စစ်ဆင်ရေးအတွင်းက စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ကရင်နီပြည်အတွင်းက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တာ၊ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့- CHRO စာရင်းအရ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ဧပြီလအထိ စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲက ဘာသာရေးအဆောက်အအုံ ၁၁၆ လုံးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ၀င်ရောက်တပ်စွဲပြီး ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအထဲက ထန်တလန်မြို့ဟာ ထိခိုက်ပျက်ဆီးမှုအများဆုံးဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေက အဆောက်အအုံတွေ ပျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

VPN အခက် စစ်တပ်အချက်
**********

နိုင်ငံအလိုက် ဆိုရှယ်မီဒီယာဆိုင်ရာ အချက်အလက်တွေကို စာရင်းပြုစုပြီး ခွဲခြမ်းစိတ်ဖြာနေတဲ့ ဒေတာရီပိုတယ်ရဲ့ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာဒီဂျစ်တယ်စစ်တမ်းအရ အသက် ၁၈ နှစ် အထက် Tik Tok အသုံးပြုသူဟာ ၁၆.၆၅ သန်းရှိပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူဟာ ၁၈. ၅၀ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေကို လျှော့ချခဲ့သလို အခမဲ့ VPN အများစုကို ကန့်သတ်လိုက်တာကြောင့် ဖေ့စ်ဘွတ်သုံးဆွဲမှုနှုန်းဟာ ကျဆင်းသွားပြီး Tik Tok ဟာ လူသုံးများလာတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်လာပါတယ်။

Tik Tok အသုံးပြုသူ အရေအတွက်ကို နှစ်အလိုက်နှိုင်းယှဉ်တာမျိုးမတွေ့ရပေမယ့် မြန်မာနိုင်ငံက Tik Tok အသုံးပြုသူတွေရဲ့ ၄၄.၇ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး ၅၅.၃ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ် တယ်လို့ ဒေတာရီပိုတယ်က ဆိုထားပါတယ်။

တစ်ဖက်မှာလည်း ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ ကနေဒါ၊ ဒိန်းမိတ်နဲ့ အီးယူလို နိုင်ငံပေါင်း ၁၈ ခုဟာ Tik Tok ဟာ တရုတ်နိုင်ငံထုတ်ဆော့ဝလ်တစ်ခုဖြစ်တာကြောင့် နိုင်ငံတော်လုံခြုံရေးအပါအဝင် အကြောင်းပြချက်တွေနဲ့ သူတို့နိုင်ငံအတွင်းမှာ သုံးစွဲခွင့်တားမြစ်ထားပါတယ်။

Tik Tok ဟာ လူတိုင်းအတွက် အသုံးပြုတာလွယ်ကူတာ၊ ပျော်ရွှင်စရာတွေပေးနိုင်သလို ပြောချင်တဲ့ အကြောင်းအရာကို လိုတိုရှင်းရိုက်ကူးတင်ဆက်နိုင်တဲ့ အခြေအနေဖြစ်ပြီး မတူညီတန်းလူတန်းစားတွေကို လွှမ်းခြုံနိုင်တဲ့အခြေအနေဖြစ်တယ်လို့ ပဋိပက္ခနဲ့နိုင်ငံရေးသုံးသပ်သူ ကိုခန့်သူက ရှင်းပြပါတယ်။

“Tik Tok က လွယ်လွယ်ကူကူသုံးလို့ရတယ်။ ပျံ့နှံ့မှုများလာတဲ့အခါ ဘာသာရေးဘက်က လူတွေကလည်း သုံးလာတယ်။ ဝါဒဖြန့်တာတွေ ထိရောက်ဖို့ပိုလွယ်ကူလို့ Tik Tok ကို ပိုသုံးလာတယ်လို့ မြင်တယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအတွက် အပြည့်အဝထောက်ခံနေတဲ့ အာဏာရှင်ဟောင်း နေဝင်းရဲ့ မြေးတစ်ဦးဖြစ်တဲ့ အေးနေ ဝင်းအပါအဝင် ဘူးလတ်လှဆွေ၊ ပေါက်ကိုယ်တော်နဲ့ ငါးမင်းဆွေစတဲ့ တပ်ထောက်ခံသူတွေဟာ Tik Tok မှာ နေရာယူလာကြပြီး နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အမုန်းပွားတာ၊ တိုက်ခိုက်တာတွေလုပ်ဆောင်နေကြတာပါ။

စစ်ကောင်စီအတွက် တပ်သားသစ်တွေ နယ်လှည့်စုဆောင်းပေးနေတဲ့ ပေါက်ကိုယ်တော်ဆိုရင် ပြီးခဲ့တဲ့ စက် တင်ဘာ ၂၄ ရက်က သူ့ရဲ့ Tik Tok အကောင့်ကနေ “ဗမာစကားမပြောတတ်တဲ့ ဘင်္ဂါလီအယောက် ၃၀” လို့ ရေးသားခဲ့ပြီး သာကေတမြို့နယ်ထဲက ကုမ္မဏီတစ်ခုရဲ့အဆောင်နေ မူဆလင်ဘာသာဝင် ဝန်ထမ်းတစ်ချို့ကို ဖမ်းဆီးဖို့ ပြောဆိုနေတာပါ။

အဲဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်ပေါင်းစုက ကုမ္မဏီရဲ့အဆောင်ကို ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီး ထူး ခြားမှုမရှိကြောင်း ဖော်ပြထားတဲ့အစီရင်ခံစာပေါ်ကို သူက ထပ်မံဖမ်းဆီးဖို့ စောတကတက်ခဲ့တာပါ။

ပေါက်ကိုယ်တော်လို အမျိုးသားရေးသမားတွေအပါအဝင် အမျိုးသားရေးအဖွဲ့အစည်းတွေဟာ စစ်ကောင်စီကပဲ ဗုဒ္ဓဘာသာကိုကာကွယ်နိုင်သယောင်ပုံဖော်နေကြပြီး စစ်တပ်ကို ဆန့်ကျင်သူတွေကို သာသနာဖျက်စာရင်းသွင်းပြီး ရည်ရွယ်ချက်ရှိရှိ အမုန်းစကားဖြန့်ဝေနေကြတယ်လို့ Beautifier of Diversity Network သုသေသီတစ်ဦးက ထောက်ပြပါတယ်။

“စစ်ကောင်စီ (စစ်တပ်) ကို ဆန့်ကျင်တာ ဗုဒ္ဓဘာသာကို စော်ကားတာနဲ့တူတူပဲဆိုတဲ့ အမြင်မျိုးရောက်အောင် ဖန်တီးနေကြတယ်” လို့ သူက မှတ်ချက်ပေးပါတယ်။

Tik Tok ရေစီးထဲက ဘာသာရေးလွတ်လပ်ခွင့်
***********

မြန်မာနိုင်ငံမှာ ဘာသာရေးအမုန်းပွားတာ၊ လွတ်လပ်စွာကိုးကွယ်ခွင့်တွေကို တိုက်ခိုက်တာဟာ Tik Tok ပေါ် လာမှတော့မဟုတ်ပါဘဲ စစ်တပ်ဟာ နိုင်ငံရေးအခင်းအကျင်း ကြပ်တည်းလာတဲ့အခါ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကိုဖန်တီးပြီး အာရုံလွှဲတာ၊ ဘာသာရေးကို နိုင်ငံရေးထွက်ပေါက်အနေနဲ့ အသုံးချလေ့ရှိပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခ၊ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နဲ့ မန္တလေးတိုင်းထဲက ဘာသာရေးပဋိပက္ခတွေအပြင် ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်က မူဆလင်ဘာသာဝင်ရိုဟင်ဂျာတွေကို စစ်တပ်က လူမျိုးတုံးသတ်ခဲ့တဲ့ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းအမဲစက်တွေပါ။

အဲဒီအချိန်တုန်းက လူမျိုးရေးနဲ့ဘာသာရေး ဒီပဋိပက္ခတွေပိုပြီး ကြီးထွားစေလာဖို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ သွေးထိုးလှုံ့ဆော်တာ အများအပြားလုပ်ဆောင်ခဲ့တဲ့ စစ်တပ်ထောက်ခံသူ ဦးဝီရသူ၊ ဝင်းကိုလတ်၊ ဘူးလတ်လှဆွေတို့လို အမည်ခံအမျိုးသားရေးသမားတွေကို အန္တရာယ်ရှိတဲ့လူတွေအဖြစ် ဖေစ့်ဘွတ်ခ်ကုမ္မဏီက သတ်မှတ်ထားပြီး အသုံးပြုခွင့် တသက်စာတားမြစ်ခဲ့တာပါ။

“ဘာသာရေးဆိုတာကလည်း လူတိုင်းမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ပတ်သက်ပြီး စွဲမြဲနေတဲ့အရာရှိတယ်။ အနက်ရှိုင်းဆုံးနေရာမှာတွယ်နေတာ။ တစ်ယောက်နဲ့ တစ်ယောက်က အမုန်းစကားပြောပြီဆိုတာနဲ့ ဒေါသထွက်လွယ်တာက ဘာသာရေး၊ လူမျိုးရေးပဲ” လို့ ပဋိပက္ခနှင့်နိုင်ငံရေးသုံးသပ်သူ ကိုခန့်သူက ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းချိန်မှာ ဘာသာရေးလွတ်လပ်ခွင့်အမြင်နဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံသူတွေနဲ့ ဒီမိုကရေစီလိုလားသူအကြားမှာ သဲသဲကွဲကွဲမြင်လာရတဲ့ အခြေအနေဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

“သွေးထိုးလှုံဆော်တာက ရှမ်းမြောက်ဆိုရင် တစ်မျိုး၊ ရခိုင်ဆိုရင် ပြောင်းသွားတယ်၊ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာအချင်းချင်းဖြစ်သွားတယ်။ ဘာသာရေးအစားလူမျိုးရေးကို ပြောင်းပြီးတိုက်ခိုက်တာတွေ့ရတယ်” လို့ ကိုခန့်သူက ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းမှာဆိုရင် စစ်တပ်ထောက်ခံသူတွေဟာ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူတာမျိုးမလုပ်ဖို့ ဘာသာရေးပဋိပက္ခအသွင်ဆောင်တဲ့ လှုံ့ဆော်ရေးဝါဒဖြန့်စာတွေကို မြေပြင်သာမကဘဲ Tik Tok မှာပါ ပြုလုပ်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း၊ စစ်ဌာနချုပ်သိမ်းပိုက်ခံရပြီးနောက် စစ်တပ်ထောက်ခံသူတွေဟာ ကိုးကန့်တပ်ဖွဲ့- MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဆန့်ကျင်ကြောင်း ရန်ကုန်နဲ့ နေပြည်တော်မှာ ဆန္ဒပြခဲ့ကြပါတယ်။

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ Trend (လမ်းကြောင်းသစ်) တစ်မျိုးပြီးတစ်မျိုးပြောင်းသွားတယ်။ ဘာသာတစ်ခုချင်းဆီတိုင်း၊ လူမျိုးတစ်ခုချင်းဆီတိုင်းကို တိုက်ခိုက်နေတာပေါ့” လို့ ကိုခန့်သူက ဆိုပါတယ်။

ဒါပေမယ့် ပြည်တွင်းမူဆလင်မုန်းတီးရေးဆိုရင်တော့ တပ်ထောက်ခံသူတွေသာမကဘဲ ဒီမိုကရေစီလိုလားသူတချို့ကပါ ဝင်ရောက်ရေးသားပြောဆိုတာတွေ Tik Tok ရှိနေသေးတယ်လို့ သူက ထောက်ပြထားပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ
***********

ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ တခြားဘာသာတွေကို မတိုက်ခိုက်ဘဲ ကိုယ့်ဘာသာရဲ့သမိုင်းကြောင်း၊ အကျိုးအကြောင်း၊ အားသာချက်စတာတွေကို မျှဝေတာ၊ လွတ်လပ်စွာရေးသားနိုင်တာမျိုးကို ဆိုလိုတာဖြစ်တယ်လို့ Beautifier of Diversity Network သုသေသီက ရှင်းပြပါတယ်။

“ဗုဒ္ဓဘာသာဆရာတော်တွေရဲ့ တရားတော်တွေ၊ ဆုံးမမှုတွေကို လွတ်လပ်စွာ ပြန်လည်ရေးသားတာမျှဝေတာတွေ လုပ်နိုင်တယ်” လို့ သူက ရှင်းပြပါတယ်။

ဒါပေမယ့် Tik Tok ပေါ်မှ မ.ဘ.သ ကိုယ်တော်တွေရဲ့ ၉၆၉ ဟောကြားချက်တွေထဲက တခြားဘာသာတရားတွေကို တိုက်ရိုက်ပြောဆိုတဲ့ ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး တင်နေကြသလို တခြားဘာသာဝင်တွေကလည်း ဗုဒ္ဓဘာသာကို ပြန်လည်တိုက်ခိုက်နေကြတယ်လို့ သူက ဆိုပါတယ်။

“ဒါတွေက ဘာသာရေးလွတ်လပ်ခွင့်ကို ထိခိုက်နေတယ်လို့မြင်တယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်လည်း အတူတူပါပဲ။ ကိုးကွယ်ချင်တဲ့ဘာသာကို ကိုးကွယ်ခွင့်ရှိသလို မကိုးကွယ်ချင်ရင်လည်း မကိုးကွယ်ခွင့်ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းကာလမှာ မရှိဆင်းရဲသူတချို့ကို အလှူအတန်းပေး ဧဝံဂေလိဟောနေကြတဲ့ ခရစ်ယာန်တချို့ရဲ့လုပ်ရပ်ဟာ ဗုဒ္ဓဘာသာတွေအကြား ဘာသာစွယ်နေတယ်ဆိုတဲ့မှတ်ချက်တွေ ဖြစ်နေတာပါ။

တချို့ခရစ်ယာန်တွေဆိုရင် Tik Tok ပေါ်မှာ ဧဝံဂေလိဟောတာ၊ လမ်းတွေနဲ့ ဈေးတွေမှာ ဟောပြောတာတွေ လုပ်ဆောင်ကြပြီး တခြားသူတွေကို စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ ကိုခန့်သူက မှတ်ချက်ပေးပါတယ်။

“လူထုကြားမှာ သွေးကွဲတာတော့ မဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေတည်ဆောက်တဲ့အခါမှာ ပြဿာနာတွေအများကြီးရှိတာပေါ့။ ဥပမာပြောရရင် အာရပ်မှာဖြစ်တဲ့ ကိစ္စတွေနဲ့မဆီမဆိုင် မြန်မာနိုင်ငံက မူစလင်တွေက အမဲခံရတာမျိုး။ တစ်ယောက်စ၊ နှစ်ယောက်စ ခရစ်ယာန်တွေကြောင့် ဒီလူစုကြီးက အဆင်မပြေတာမျိုး၊ မဘသအဖွဲ့အစည်း၊ ဝိရသူတို့ကြောင့် ဗုဒ္ဓဘာသာတိုင်းကို ဝါးလုံးသိမ်းရိုက်တဲ့ အလေ့အထက ဒီနိုင်ငံမှာရှိတာပေါ့။ ဒီလိုအလေ့အထတွေရှိနေတဲ့အတွက် ကော်မန့်တွေမှာ ငြင်းခုန်တာမျိုး က ကောင်းတာတော့ မဟုတ်ဘူး” လို့ သူက မှတ်ချက်ပေးပါတယ်။

Tik Tok မြန်မာ အသုံးပြုသူအသိုင်းအဝိုင်းကြားမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်တာ၊ တိုက်ခိုက်တာတွေကို ပြုစုထားတဲ့စာရင်းတွေမရှိပေမယ့် Tik Tok ပေါ်မှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံရေးသမားတွေအနေနဲ့ လေ့လာသင့်တယ်လို့ ကိုခန့်သူက ထောက်ပြထားပါတယ်။

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာချိန်မှာ ယခင်က ပြောဆို ဖူးတဲ့ ဘာသာရေးကန့်သတ်ချက်တွေအပါအဝင် လူမှုစံနှုန်းကန့်သတ်ချက်တွေကို တစ်ပါတည်းတော်လှန်ပြောင်းလဲကြမယ်ဆိုတဲ့ စဉ်းစားချက်ဟာ တဖြေးဖြေးလျော့ပါးလာတယ်လို့ သူက ထောက်ပြထားပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးက အားကောင်းလာတဲ့အချိန်မှာ အဲဒီကိုပဲ စိတ်ရောက်သွားပြီးတော့ စိတ်စနိုး စနောင့်ဖြစ်ရမဲ့ ကိစ္စတွေကို နိုင်ငံရေးသမားတွေက မပြောရဲတာတွေဖြစ်လာတယ်။ ဘာသာတရား လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးပြောနေမှရမယ်” လို့ သူက မှတ်ချက်ပေးပါတယ်။

အထူးသဖြင့် Tik Tok ပေါ်မှာ လူတွေ ဘာဖြစ်နေလဲ၊ ဘယ်လို သတင်းအချက်အလဲတွေကို ရယူနေလဲ၊ ဘယ်လိုတုံ့ပြန်နေလဲဆိုတာ နိုင်ငံရေးသမားတွေသာမက မူဝါဒရေးဆွဲသူတွေအနေနဲ့ သိရှိထားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ ဘာသာရေးပဋိပက္ခဖြစ်စေလောက်တဲ့အထိ လူထုကတုံ့ပြန်လာတဲ့အခါ “အဲဒီအချိန်ကျမှ လူထုကို ပညာမတတ်လို့၊ နိုင်ငံရေးနားမလည်လို့ဆိုပြီး အပြစ်တင်လို့မရဘူး။ လူထုကို နိုင်ငံရေးအသုံးချရုံ သက်သက်မဟုတ်ဘူး။ သူတို့ကြားထဲ စီးဝင်နေတဲ့အရာတွေကိုလည်း မြင်ဖို့လိုတယ်” လို့ သူက ဆိုလိုက်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleသီပေါတိုက်ပွဲတွင် စစ်ကောင်စီက အဆိပ်ဗုံးသုံးတိုက်ခိုက်ဟု TNLA ဆို
Next Article ဥပဒေပညာရပ်ကို တက္ကသိုလ်အပြင် အခြေခံပညာတွင်လည်း သင်ကြားရန် စစ်ခေါင်းဆောင်ဆို
thanlwinkhet
  • Website

Related Posts

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

Leave A Reply Cancel Reply

Recent Posts

  • လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီ ထုတ်ပြန်
  • မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ အ‌ရေအတွက် တဖြည်းဖြည်းမြင့်တက်လာ
  • အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ
  • ၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်
  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ အ‌ရေအတွက် တဖြည်းဖြည်းမြင့်တက်လာ

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ

၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီ ထုတ်ပြန်

June 10, 2025

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ အ‌ရေအတွက် တဖြည်းဖြည်းမြင့်တက်လာ

June 10, 2025

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ

June 10, 2025

၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်

June 9, 2025

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

June 9, 2025

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

June 9, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.