သံလွင်ခက်။
အောက်တိုဘာ ၅ ၊ ၂၀၂၄။
ဥပဒေပညာရပ်ကို တက္ကသိုလ်အပြင် အခြေခံပညာတွင်လည်း သင်ကြားပို့ချ ပေးကြရမည်ဖြစ်သည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
ယနေ့ အောက်တိုဘာ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” ကျောင်းသား၊ ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အသိအမြင်များရရှိနိုင်ရေး ဥပဒေ ပညာရပ်ကို တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသကဲ့သို့ Grade 11 နှင့် Grade 12 အတန်းများတွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံ အသိအမြင်များကို သင်ကြားပို့ချ ပေးကြရမည်ဖြစ်ပါသည် ” ဟု ထည့်သွင်းပြောကြာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော် တည်ဆောက်နိုင်ရေး အတွက် ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည် ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းပေါင်း ၁၃၀ ကျော်ထက်မနည်း ပျက်စီးခဲ့သည်ဟု ဇူလိုင်လ ၂၀ ရက်တွင် ထုတ်ပြန်သည့် Centre for Information Resilience (CIR)၏ Myanmar Witness က အစီရင်ခံစာ၌ ဖော်ပြထားသည်။