ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့ ကြားတိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု TNLA က ယမန်နေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့နံနက် ၅ နာရီအချိန်တွင် သီပေါမြို့ စစ်ကောင်စီခြေလျင်တပ်ရင်း- ခလရ ၂၃ တပ်စခန်းအနီး၌ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ငါးကြိမ်၊ ဗုံး ရှစ်လုံးနှင့် နောင်ချိုမြို့ စစ်ကောင်စီအမြှောက်တပ်- ၂၅၄ တပ်စခန်းအနီးတွင် Y-12 ဖြင့် ခုနှစ်ကြိမ်၊ ဗုံး ၅၉ လုံးနှင့် အဆိပ်ငွေ့ဗုံးတို့ဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နောင်ချိုမြို့ တောင်ခမ်းရွာရှိ စစ်ကောင်စီ- ၉၀၂ တပ်စခန်းနေရာတွင်လည်း ထောက်ပို့လေယာဉ် Y-8 ဖြင့် ခုနှစ်ကြိမ်လက်နက်ခဲယမ်း ၆၀ ထုပ်လာရောက်ကြဲချပေးခဲ့သည်ဟု ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်ကောင်စီမှ အင်အားဖြည့်တင်း ရန်ကြိုးပမ်းလျက်ရှိသည်ဟု TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-TNLA