• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အ‌ဖြေရှာရန်လိုအပ်နေသော 29 ရတနာ အလုပ်သမားအခွင့်အရေး
ဆောင်းပါး

အ‌ဖြေရှာရန်လိုအပ်နေသော 29 ရတနာ အလုပ်သမားအခွင့်အရေး

thanlwinkhetBy thanlwinkhetSeptember 28, 2024No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်
စက်တင်ဘာ ၂၈၊ ၂၀၂၄။

ပြီးခဲ့သည့်နှစ် ဇူလိုင် ညနေခင်းတစ်ခုတွင် မဖြူဖြူ (အမည်လွှဲ) တစ်ယောက် တစ်နေ့တာ လုပ်စရာအလုပ်များကို လက်စသတ်ကာ အိပ်ဆောင်နေရာသို့ ပြန်လာခဲ့သည်။ မဖြူဖြူသည် 29 ရတနာလုပ်ငန်းတွင် လုပ်ကိုင်နေသည့် နေ၊ စားစရိတ်ငြိမ်းဝန်ထမ်းတစ်ဦးဖြစ်သည်။ သူ့လိုဝန်ထမ်းကို အိမ်နေဝန်ထမ်းဟုလည်း ခေါ်သည်။

ထိုနေ့ညတွင် အခန်းတစ်ခုထဲ ပိတ်ထည့်ခံထားရသည့် အမျိုးသမီးဝန်ထမ်းတစ်ဦးကို စောင့်ကြပ်ရန်တာဝန်ကျခဲ့သည်။ ထိုအမျိုးသမီးကို မည်သည့်အကြောင်းကြောင့် ပိတ်ထားသည်ကို မဖြူဖြူမသိပေ။ အခန်းထဲတွင် ပိတ်လှောင်ခံရသူများကို စောင့်ကြပ်ရန် အိမ်နေဝန်ထမ်းများကို အလှည့်ကျတာဝန်ပေးထားသည်ဟု သူက ပြောပြသည်။

အဆိုပါအခန်းနှင့် ပတ်သတ်သည့် သတင်းသဲ့သဲ့ကို သူကြားဖူးသော်လည်း အခုလို တာဝန်ယူခဲ့ရခြင်းမျိုးမရှိခဲ့ပေ။

ထိုအခန်းသည် ဝန်ထမ်းများအကြား နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ နီလာအခန်းဟု အဓိပ္ပာယ်ရသည့် ဆပ်ဖိုင်ရာ- Sapphire Room သည် လုပ်ငန်းခွင်အတွင်း ခိုးမှု၊ ဝှက်မှုကျူးလွန်သည်ဟု သံသယရှိသူများအား ပိတ်လှောင်စစ်ဆေးသည့် နေရာတစ်ခုအဖြစ် သိမှတ်ထားကြသည်။

“အခန်းက အလုံပိတ်ဆိုပေမယ့် ထောင်လိုမဟုတ်ပါဘူး။ အထဲမှာ အဲယားကွန်းကို ၂၄ နာရီ ပေးထားပါတယ်။ မမို့တို့က နှိပ်စက်တယ်၊ မျက်နှာတွေကို ခြေထောက်နဲ့ နင်းတယ်၊ ငရဲခန်းလိုပဲတဲ့၊ အဲလိုတွေရေးနေကြတယ်” ဟု ဒေါ်မို့မို့ဆွေက ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် 29 ရတနာလုပ်ငန်းဖေစ့်ဘွတ်ခ်စာမျက်နှာ Live မှ ပြောဆိုခဲ့သည်။

ထိုအခန်းသည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်ရှိ ကုန်းတံတားအနီး အမှတ်- ၂ 29 ရတနာဆိုင်၏ ပထမအထပ်တွင် ရှိသည်။ ပထမဆုံး အလုပ်ခန်း၊ ထိုမှတဆင့် အစည်းအဝေးခန်း၊ နောက်ဆုံးအချုပ်ခန်းသဖွယ်ဖြစ်လာခဲ့သည်ဟု သံလွင်ခက်မှ မေးမြန်းခဲ့သည့် ဝန်ထမ်း ၄ ဦးမှ ပြောကြဆိုသည်။

ဆပ်ဖိုင်ရာ- Sapphire Room ဟုခေါ်ရသည်မှာ ခက်သောကြောင့် ဝန်ထမ်းအားလုံးက စကွယ်ယား- Square Room ဟုလည်း အလွယ် ခေါ်ကြသည်ဟု ၎င်းတို့မှ ပြောပြသည်။

“ကျွန်မတို့ကြားထဲမှာတော့ မဟုတ်တရုတ်မလုပ်နဲ့၊ အဲအခန်းထဲရောက်သွားလိမ့်မယ်လို့ အချင်းချင်းစနောက်ပြောကြတာမျိုးတောင် ဖြစ်နေပြီ” ဟု မဖြူဖြူက ပြောသည်။

အခန်းတွင်းစစ်ဆေးရေးကို ဌာနအလိုက်မန်နေဂျာတစ်ဦး၊ လူ့အရင်းအမြစ်ဌာန (HR) မှ ရာထူးအကြီးပိုင်း ဒေါ် သီရိအောင်တို့မှ အများအားဖြင့် ဆောင်ရွက်လေ့ရှိပြီး ပိုင်ရှင်ဒေါ်မို့မို့ဆွေ၊ စီမံခန့်ခွဲရေးဒါရိုက်တာ M.D ဖြစ်သူ ဒေါ် အိအိဖြိုးနှင့် ရှေ့နေဦးနေနိုင်တို့မှ CCTV ကင်မရာများမှတဆင့် ကြည့်ရှုလေ့ရှိသည်ဟု နီးစပ်သူများက ဆိုသည်။

လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဟာသတစ်ခုအဖြစ်ရှိနေသော်လည်း အမှန်တကယ်ကြုံတွေ့ရသူများအဖို့ ရင်မောစရာကိစ္စများ ရင်ဆိုင်နေ ရခြင်းပင်။

မဖြူဖြူတစ်ယောက် ထိုအခန်းထဲသို့ ဝင်ဝင်ချင်း ငူငူငိုင်ငိုင်ဖြစ်နေသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအမျိုးသမီး၏စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပုံမှန်မဟုတ်ဘဲ အားပေးနှစ်သိမ့်စကားတောင် မပြောရဲခဲ့ဘူးဟု မဖြူဖြူကဆိုသည်။

“အခန်းထောင့်လေးခုမှာ CCTV တွေတပ်ထားတယ် စောင့်ကြည့်နေတာဆိုတော့ သူ့ဘက်က ရင်ဖွင့်တာကို နားထောင်တာတွေမလုပ်ရဲဘူး” ဟု မဖြူဖြူက ဆိုသည်။ အခန်းထဲတွင် အစည်းဝေးသုံးစားပွဲခုံရှည်များရှိပြီး လွတ်သည့်နေရာတွင် ဝင်အိပ်ရပြီး မီးပိတ်ခွင့်မပေးဟုလည်း သူက ဆက်ပြောသည်။

နောက်ပိုင်းတွင် အခန်းထဲထည့်ပိတ်ခံထားရသည့် အမျိုးသမီးသည် အသက် ၂၀ အရွယ် မမြင့်နွယ်ဝင်း (မြင့်မြင့်) ဆိုသူဖြစ်ကြောင်း မဖြူဖြူသိခဲ့ရသည်။ မမြင့်မြင့်သည် 29 ရတနာဆိုင်တွင် ငွေကိုင် (Cashier) တာဝန်ဖြင့် လုပ်ကိုင်နေသူဖြစ်ပြီး အိမ်နေဝန်ထမ်းတစ်ဦးဖြစ်သည်ဟုလည်း ဆိုသည်။

မမြင့်မြင့်တစ်ယောက် အွန်လိုင်းငွေစာရင်းမှ ကျပ် ၁၀ သိန်း ခိုးယူသည်ဟုဆိုကာ ရာထူးအကြီးပိုင်းတချို့က ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“မြင့်မြင့်ဘဏ်အကောင့်မှာ ငွေအထွက်များလို့ မအိဖြိုးက မသင်္ကာလို့စစ်တာ online cash book မှာလည်း စာရင်းလွှဲတာမရှိဘူး” ဟု ထို ဖြစ်ရပ်ကို သိရှိသည့် အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက သံလွင်ခက်ကိုပြောသည်။ (ထိုသတင်းရင်းမြစ်မှ သူ၏လုံခြုံရေးအတွက် ကျား/မ သုံးစွဲမှုကိုပါ အသုံးမပြုရန် မေတ္တာရပ်ခံထားသည်။)

အဆိုပါနေ့တွင် စာရင်းစစ်မပြီးမချင်း ဝန်ထမ်းများကို ရုံးဆင်းခွင့်မပေးခဲ့ဟုလည်း သိရသည်။ မမြင့်မြင့်မှ ထိုငွေကြေးသည် အစ်မဝမ်းကွဲဖြစ်သူမှ လွဲပေးထားခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သော်လည်း တာဝန်ရှိသူများက လက်မခံခဲ့ကြပေ။

“သူ့အမကိုယ်တိုင်ကတောင် ကိစ္စတခုရှိလို့ လွှဲပေးထားတာဟုတ်တယ်လို့ လှမ်းပြောပေးတယ်” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူကဆိုသည်။

ထိုနေ့မှစပြီး မမြင့်မြင့်၏ လက်ကိုင်ဖုန်းအသိမ်းခံရပြီး ဆပ်ဖိုင်ရာအခန်းထဲတွင် ၁ လခန့် ပိတ်လှောင်ခံထားရတော့သည်။

ထိုအခန်းထဲ ပိတ်လှောင်ခံထားရသည့် တခြားဖြစ်စဉ်များစွာရှိခဲ့ပြီး အများအားဖြင့် ၂ရက်- ၃ရက် ခန့်သာရှိသော်လည်း မမြင့်မြင့်ဖြစ်စဉ် မှာ အကြာဆုံးဖြစ်ခဲ့သည်။ ပိတ်လောင်ခံထားရသည့်ကာလတွင် မမြင့်မြင့်မှာ သူ၏မိဘများနှင့် ဖုန်းတစ်ကြိမ်သာ ပြောခွင့်ရခဲ့သည်။

ထိုအချိန်တွင် မမြင့်မြင့်က ထမင်းပုံမှန်မစားရကြောင်း မိဘဖြစ်သူကို အကြိုအကြောင်းပြောပြခဲ့သည်။ ထို့နောက် မမြင့်မြင့်၏မိခင်ဖြစ်သူက ဘုန်းကြီးတစ်ပါးကို အကူအညီတောင်း၍ ပိုင်ရှင်ဒေါ်မို့မို့ဆွေနှင့် လုပ်ငန်းအကြီးပိုင်းတာဝန်ရှိသူများထံ ဖုန်းဆက်သွယ်ကာ သက်ညှာပေးရန် မေတ္တာရပ်ခံခဲ့သည်။

ဖုန်းပြောပြီး ညတွင်းချင်းမှာပဲ ဒေါ်မို့မို့ဆွေမှ အိမ်နေဝန်ထမ်းများကို စုဝေးစေကာ မမြင့်မြင့်ကို အခန်းထဲမှ ခေါ်ထုတ်၍ လူအများရှေ့ မှောက်တွင် အော်ဟစ်ဆူခဲ့သည်ဟု သိရသည်။

“မမို့က သူတို့အကြောင်းလျှောက်ပြောပြီး သူ့သိက္ခာချပါတယ်ဆိုပြီး ပိုပြီးစိတ်တိုသွားတာပါ” ဟု မျက်မြင်ဝန်ထမ်းတစ်ဦးက ပြောပြသည်။

အဆိုပါအချိန်တွင် ဒေါ်မို့မို့ဆွေမှာ အလွန်စိတ်ဆိုးနေပြီး မမြင့်မြင့်အား လူအများကြားတွင် ဆူငေါက်ခြိမ်းခြောက်ခြင်းပြုလုပ်ခဲ့သည်။ ယင်းအသံဖိုင်များကိုလည်း သံလွင်ခက်မှ လက်ခံရရှိထားသည်။ အဆိုပါ အသံဖိုင်များတွင် မမြင့်မြင့်ကို အခန်းထဲ ၁ လခန့် ပိတ်လှောင်ထားသည်ဟူသော နှုတ်ထွက်စကားများလည်း ပါဝင်နေသည်။

ဒေါ်မို့မို့ဆွေက “ငါကဘယ်သူ့မှ ဂရုမစိုက်ဘူး၊ လုပ်ရဲတယ်။ နင်တို့လက်တံရှည်တယ်ဆိုတာလောက်က ငါ့ရဲ့လက်တံကို တဝက်တောင် မမှီဘူး၊ နင်တို့ထက် ငါက အသက်ပေါင်းများစွာကြီးတယ်၊ ပိုက်ဆံလည်းရှိတယ်” ဟု ဝန်ထမ်းများကို မိုက်ခရိုဖုန်းအသုံးပြု၍ အော်ဟစ်ပြောဆိုခဲ့သည်။

‌ဒေါ်မို့မို့ဆွေသည် ဖျော်ဖြေရေးမီဒီယာအင်တာဗျူးများတွင် ပုံစံတစ်မျိုးရှိသော်လည်း ဝန်ထမ်းများကိုဆက်ဆံရာတွင် အပြောကြမ်းသူတစ်ဦးဖြစ်သည်ဟု သံလွင်ခက်နှင့်တွေ့ဆုံခဲ့သည့် သတင်းရင်းမြစ်များက ဆိုကြသည်။

“မို့အပါအဝင် မန်နေဂျာတွေအကုန်လုံးက တကယ်လို့ကျူးလွန်ခဲ့တာဆိုရင် ရာဇဝတ်မှုမြောက်ပါတယ်။ ဒီလိုမျိုးတွေဖြစ်တဲ့ အချိန်မှာ ဘာဖြစ်လို့ သူတို့က ရဲစခန်းမှာ သူတို့ကို အမှုမဖွင့်ခဲ့တာလဲ” ဟု ဒေါ်မို့မို့ဆွေက ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် 29 ရတနာလုပ်ငန်း၏ ဖေစ့်ဘွတ်ခ်စာမျက်နှာ Live မှ ပြောဆိုခဲ့သည်။

မဖြူဖြူ၏အဆိုအရ မမြင့်မြင့်မှာ ခိုးမှုဖြင့် တရားစွဲဆိုခံရပြီး ထောင် ၁ နှစ်ခွဲ ကျခံနေရသည်ဟု သိရသော်လည်း သံလွင်ခက်မှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

ဦးတူးနိုင်၏ စီးပွားရာဇဝင်
*********************
29 ရတနာလုပ်ငန်းသည် ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် ဒေါ်မို့မိုဆွေ၏အမျိုးသား ဦးတူးနိုင်ထွန်းမှ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့ဘက်တိုက်တန်း၌ ပထမဆုံးဆိုင်ဖွင့်လှစ်ခဲ့သည်ဟု ၎င်းတို့၏ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၁၆ အရှေ့ပိုင်းနှစ်များတွင် ဦးတူးနိုင်ထွန်းသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရတနာထည်များကို တစ်အိမ်ဝင် တစ်အိမ်ထွက်စနစ်ဖြင့် လိုက်လံရောင်းချခဲ့ဖူးသည်ဟု ရေးသားထားသည်။

သို့သော် ဦးတူးနိုင်ထွန်းသည် ဆင့်ပွားရောင်းချစနစ် (Multi Level Marketing- MLM ဆေးကုမ္မဏီတစ်ခုတွင် ဝင်ရောက်လုပ်ခဲ့ဖူးသည်ကို ဖော်ပြထားခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ဝန်းကျင်ကာလတွင် မြန်မာပြည်တွင် ခေတ်စားခဲ့သည့် MLM စနစ်ကျင့်သုံးသည့် ကုမ္ပဏီများထဲတွင် နာမည်အကြီး ဆုံးဖြစ်ခဲ့သည့် Tiens ဆေးကုမ္ပဏီတွင် ဦးတူးနိုင်ထွန်းလုပ်ကိုင်ခဲ့ဖူးသည်ဟု သူနှင့်ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းတချို့က သံလွင်ခက်ကို ပြောသည်။

၂၀၀၈- ၂၀၀၉ ခုနှစ်ဝန်းကျင်မှစ၍ ဦးတူးနိုင်သည် Tiens တွင်စလုပ်ခဲ့ပြီး သူ့၏ကျောက်မျက်ရတနာထည်များကိုလည်း တပါတည်းရောင်းချတတ်သူဟု Tiens ဝန်ထမ်းဟောင်းတစ်ဦးက ရှင်းပြသည်။

“သူက အဲကတည်းက ရတနာလုပ်ငန်းလည်းလုပ်နေပြီ စကားပြောလည်း တော်တော်ကောင်းတယ်။ MLM ထုတ်ကုန်တွေကို တစ်အိမ် ဝင်တစ်အိမ်ထွက်ရောင်းရင်း သူ့ရတနာတွေကိုပါ ဝယ်ဖို့ဆွယ်တတ်တယ်။ တစ်ခုမဟုတ် တစ်ခုရောင်းထွက်အောင် လုပ်နိုင်တဲ့သူပါ” ဟု ၎င်းက ဆိုသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် Tiens သည် ပိုအောင်မြင်လာခဲ့ပြီး မတူညီသည့် ဈေးကွက်နည်းလမ်းများဖြင့် Diamond၊ General၊ Excellent ဟူသည့် နက်ဝက်ကွန်ရက် သုံးခုရှိသည်ဟု MLM စနစ်ကို အကျွမ်းဝင်ခဲ့သူတစ်ဦးက ပြောသည်။

ဦးတူးနိုင်ထွန်းသည် General ကွန်ရက်တွင် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်လာပြီး သူ့လက်အောက်တွင် လူထောင်ဂဏန်း အထိရှိနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်မှ ပြောဆိုသည်။ ထို့ကြောင့် ဦးတူးနိုင်ထွန်းသည် MLM နယ်ပယ်တွင် အောင်မြင်ခဲ့သူတစ်ဦးဟု ဆိုနိုင်ပေသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD အစိုးရတက်ချိန်၌ MLM စနစ်ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ- ၅ အရ အရေးယူမည်ဟု ကြေညာခဲ့ပြီးနောက် Tiens မှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

ဦးတူးနိုင်ထွန်းမှာ ၂၀၁၆ ခုနှစ်တွင် ရတနာလုပ်ငန်းကို ဦးစားပေးဆောင်ရွက်လာပြီး MLM နှင့်ပတ်သတ်သည့် ကိစ္စရပ်များတွင် မတွေ့ရတော့ပေ။

“MLM ကနေ ငွေအရင်းနှီးတွေနဲ့ ရတနာလုပ်ငန်းပိုအောင်မြင်လာသလားဆိုတာတော့ သေချာမပြောတတ်ဘူး။ အဲနောက်ပိုင်းတော့ သိပ် မတွေ့ရတော့ဘူး” ဟု ၎င်းနှင့်အတူ ၂ နှစ်နီးပါး တွဲလုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရတနာဆိုင်၏ နောက်ကွယ်မှ အလုပ့်သမား အခွင့်အရေးချိုးဖောက်မှုများ
***************************
လက်ရှိအချိန်တွင် 29 ရတနာလုပ်ငန်းသည် ဆိုင်ခွဲပေါင်း ၆ ဆိုင်၊ ဝန်ထမ်းအင်အား ၆၀၀ ကျော်ဖြင့် မြန်မာ့ရတနာလုပ်ငန်းနယ်ပယ်တွင် အောင်မြင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

“လူအများချစ်တာ 29 ရတနာ” ဟူသော ဆိုင်းဘုတ်ကြီး၏နောက်ကွယ်တွင် ဝန်ထမ်းများမှာ အလုပ်သမားအခွင့် အရေးချိုးဖောက်မှုများကို လူမသိသူမသိ ကြုံတွေ့နေကြရသည်။

ဆပ်ဖိုင်ရာအခန်းဖြစ်ရပ်များအပြင် မလုပ်မဝင်ခင်ငွေ (Deposit) ကြိုသွင်းရမှု၊ အလုပ်ထွက်လျှင် လျော်ကြေးအဆမတန်တောင်းခြင်း၊ အလုပ်ရှင်အလုပ်သမားအကြား အလုပ်သမားခွင့်ရက်ရယူရာတွင် ဥပဒေနှင့်မညီသည့်စာချုပ်နှင့် အလုပ်ချိန်များပြားမှုများကိုလည်း ရင်ဆိုင်နေကြရသည်။

ထိုဖိနှိပ်ခံရသူများထဲတွင် အသက်လတ်ပိုင်းအရွယ် မနုနု (အမည်လွှဲ) လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

သူအလုပ်ဝင်စဉ်က ညနေရုံးဆင်းချိန်သည် အစောဆုံးည ၉ နာရီခန့်သာဖြစ်ပြီး အိမ်ထောင်ဖက်အမျိုးသားနှင့်ပါ အဆင်မပြေမှုများဖြစ် ပွားခဲ့ကာ ကွာရှင်းလုနီးပါးအခြေနေဖြစ်ခဲ့သည်ဟု မနုနုက ပြောပြသည်။

29 ရတနာလုပ်ငန်းတွင် အလုပ်လုပ်သည့် အလုပ်သမားတိုင်းမှာ စရံငွေပေးသွင်းရပြီး အလုပ်ထွက်လျှင် စရံငွေပြန်မရဘဲ ခြိမ်း ခြောက်ခံရမှုများနှင့် ကြုံနေရသည်ဟု ဝန်ထမ်းဟောင်းများ၏ထုတ်ဖော်ပြောဆိုချက်များကို ကိုးကားပြီး Myanmar Labour Newsက စက်တင်ဘာ ၂၅ ရက်က သတင်းဖော်ပြထားသည်။

အလုပ်သမားများသည် စရံငွေနှစ်သိန်းပေးဆောင်ရပြီး နှစ်အလိုက်စာချုပ်ချုပ်ဆိုရကာ ၂ နှစ်၊ ၃ နှစ်၊ ၅နှစ်၊ ၇ နှစ်အထိ စာချုပ်ချုပ်ဆိုရခြင်းဖြစ်သည်ဟု ဆိုထားသည်။

မနုနုသည်လည်း ရတနာရောင်းချမှု ဘောနပ်စ်စာချုပ်တစ်ခုကို ချုပ်ဆိုထားပြီး ၂ နှစ်ခန့်နီးပါးလုပ်ကိုင်ချိန်တွင် ရုံးဆင်းချိန် အပါအဝင် ရုံးတွင်းဖိနှိပ်ပြောမှုများကို သည်းမခံနိုင်သောကြောင့် ၃ နှစ်မပြည့်ဘဲ အလုပ်ထွက်ခဲ့လိုက်သည်။ ထို့ကြောင့် ကျပ်သိန်း ၁၀၀ ကျော်လျော်ကြေးပေးခဲ့ရသည်ဟု သူက ပြောသည်။

ထို့အပြင် သူ့အနေဖြင့် တခြားရတနာဆိုင်လုပ်ငန်းများတွင် အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်ဝင်ရောက်မလုပ်ကိုင်ရန် နှင့် 29 ကုမ္မဏီမကောင်းအကြောင်းကို လုံးဝမပြောရဆိုရန် စသည့်အချက်များပါဝင်သည့် အလုပ်ထွက်စာချုပ်တွင် လက်မှတ်ထိုးခဲ့ရသည်။

ထိုစာချုပ်ပါ အချက်တစ်ခုခုကို မလိုက်နာလျှင် တရားစွဲမည်ဟုလည်းဖော်ပြထားသည်ဟု မနုနုက ဆိုသည်။

“ဆိုင်အရှေ့က ခုံးတံတားပေါ်က ခုန်ချသတ်သေဖို့ ခဏခဏတွေးခဲ့တာ။ လုံးဝငရဲပဲ တသက်လုံး အဲလုပ်ငန်းမှာ ပြန်လုပ်ဖို့ မပြောနဲ့ ရှေ့ကဖြတ်မလျှောက်ချင်လောက်အောင်ရွံသွားတာ” ဟု မနုနုက ပြောပြသည်။

မနုနုက သံသယရှိဝန်ထမ်းများကို အခန်းထဲပိတ်ထည့်ခံရသည့် ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း၊ အခန်းထဲပိတ်ခံထားရသူများသည် တကယ် ခိုးမှုရှိရှိမရှိရှိ အမှုဆင်ခံရကာ တာမွေရဲစခန်းကို ရောက်ရှိသွားကြောင်းကိုလည်း သံလွင်ခက်ကို အတည်ပြုပြောဆိုခဲ့သည်။

ဥပဒေကို ချိုးဖောက်နေသော စာချုပ်များ
**************************
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC- စာချုပ်) ပါအတိုင်း ခွင့်ရက်များကို အစားထိုးပြန်လည် ခံစားခွင့်ပြုသွား မည်ဟူသော ကြေညာချက်တစ်စောင်ကို 29 ရတနာလုပ်ငန်းက ယခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း လုပ်သက်ခွင့်ရက်၊ ဖခင်ဖြစ်ခွင့်ရက်များနှင့် ၂၀၂၄ အတွင်း ရှောင်တခင်ခွင့်ရက်များအတွက် လုပ်ခလစာများ ကို ဝန်ထမ်းများအတွက် ပြန်လည်အစားထိုးပေးအပ်သွားမည်ဟု အဆိုပါစာကဆိုသည်။

“ဒီလမ်းညွှန်ချက်စာထွက်လာတာဆိုရင် သူတို့ဆီကို အလုပ်သမားဝန်ကြီးဌာနဘက်က ဝင်စစ်သွားတာ သေချာတယ်။ နောက်တစ်ခုက အဲ ဒီနှစ်တွေမှာ ခွင့်ရက်တွေမပေးခဲ့တာကိုလည်းပြနေတယ်” ဟု တိုးတက်သောအလုပ်သမားအသိုက်အဝန်း- Progressive Labour Community တည်ထောင်သူ ကိုသားကြီးက 29 ရတနာလုပ်ငန်း၏ ထုတ်ပြန်ချက်ကို သုံးသပ်ပြောဆိုသည်။

တိုးတက်သောအလုပ်သမားအသိုက်အဝန်း၏ အဆိုအရ 29 ရတနာလုပ်ငန်းမှ ဝန်ထမ်းများသည် ထမင်းစားချိန်မမှန်ခြင်း၊ ညအိပ်ခွင့် မရခြင်း၊ တစ်နေကုန် ဖေစ်ဘွတ်ခ် Live လွှင့်ခိုင်းခြင်း၊ အချိန်ပိုအလုပ်ဆက်တိုက်ဆင်းရပြီး အချိန်ပိုကြေးမရခြင်း၊ စာချုပ်ပါ အချက်များကိုအသုံးပြု၍ လစာဖြတ်ခြင်း၊ ဝန်ထမ်းသစ်များကို သိန်းချီတန် စပေါ်ငွေတင်ခိုင်းခြင်း၊ ခေါင်ပုံဖြတ်ခိုင်းခြင်းများ ကျူး လွန်နေသည်ဟု ဆိုသည်။

29 ရတနာလုပ်ငန်း၏ အလုပ်သမားများအပေါ် ချိုးဖောက်မှုများ ပျံ့နှံ့လာချိန်တွင် ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုသည် ခွင့်ကိစ္စနှင့် ရပ် တန့်သွားသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ကိုသားကြီး ဆိုသည်။

Live လွှင့်ဈေးရောင်းရသည့် ဝန်ထမ်းများ၏ ကတိစာချုပ်တွင်လည်း တင်းကြပ်သည့် စည်းကမ်းချက်များစွာပါဝင်နေသည်။ စာချုပ်ပါ အချက်တစ်ခုကို ဖောက်ဖျက်လျှင် ကျပ်သိန်း ၅၀ လျော်ကြေးပေးရမည်ဖြစ်သည်။

လုပ်ငန်းခွင်သုံး အဝတ်အစား- Uniform များကို ဝတ်ဆင်ကာ အပျော်တမ်းဖြစ်စေ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းပြုလျှင်ပင် လျော်ကြေးပေးရမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေအရ အလုပ်သမားဝန်ကြီးဌာနတွင် နယ်မြေအလိုက် စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦး ထားရှိပြီး လုပ်ငန်းတစ်ခုခုကို အချိန်မရွေးဝင်ရောက်စစ်ဆေးနိုင်သည့် အခွင့်အာဏာရှိသည်။

“တာမွေမှာလည်း စစ်ဆေးရေးမှူးအရာရှိတစ်ဦးရှိမှာပဲ။ အလုပ်သမားဘက်က တိုင်ကြားတာဆိုရင် သူကတရားလိုအနေနဲ့ လုပ်ငန်းရှင် ဘက်ကို အမှုဖွင့်ပေးရတယ် သူ့လုပ်ပိုင်ခွင့်က ဘယ်လုပ်ငန်းကိုမဆို သက်သေနှစ်ယောက်နဲ့ စစ်ဆေးရေးဝင်ခွင့်ရှိတယ်။ အခုကိစ္စမှာ အဲလူက အလုပ်မလုပ်ဘူးဆို‌တော့ စဉ်းစားစရာပဲ” ဟု ကိုသားကြီးက သုံးသပ်သည်။

29 ရတနာဆိုင်မှ တာမွေရဲစခန်းသို့ တိုင်ကြားအမှုဖွင့်ထားသော အမှု ၁၀၀ နီးပါးရှိနေပြီး အဆိုပါကိစ္စများမှာ တာမွေရဲစခန်းမှူး ဆန်းဝင်းအောင်၊ မြို့နယ်တရားသူကြီး ဒေါ်ဇာခြည်လှိုင်တို့နှင့် ပတ်သတ်နေသည်ဟု နီးစပ်သူများက ပြောသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ 29 ရတနာဆိုင်ပိုင်ရှင် ဒေါ်မို့မို့ဆွေကို သံလွင်ခက်မှ ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းမပြန်သေးပေ။

ဒေါ်မို့မို့ဆွေ၏ အစ်မဒေါ်ယမင်းထွန်း၏ခင်ပွန်းဖြစ်သူ ဦးနိုင်ကျော်ဇင်သည် စစ်တပ်အသိုင်းအဝိုင်းနှင့် နီးကပ်သော ဆက်ဆံရေးရှိသူဟု လည်း ဝန်ထမ်းများအကြားတွင် နာမည်ကြီးလှသည်။ ဦးနိုင်ကျော်ဇင်သည် မန္တလေးဆိုင်ခွဲ၏အရောင်းစာရင်းများကို တာဝန်ယူဆောင်ရွက်နေသူလည်း ဖြစ်သည်။

“မန္တလေးနန်းတွင်းထဲကို တံခါးမရှိဓားမရှိသွားနိုင်တဲ့သူပါ တခါတလေ စ.စ.စ ထဲမှာ သုံး-လေးရက်လောက်‌နေပြီးပြန် လာတာတွေလည်းရှိတယ်” ဟု အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက သံလွင်ခက်ကို ပြောသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် တည်ထားသည့် မာရဝိဇယကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွင် 29 ရတနာလုပ်ငန်းမိသားစုမှ ကျပ်သိန်း ၂၉၀ ကို လှူဒါန်းခဲ့သည်ဟု ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသီးသီးသော နယ်ပယ်များတွင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာနေသောကြောင့် 29 ရတနာလုပ်ငန်းကို ဥပဒေလမ်းကြောင်းမှ အရေးယူနိုင်ရန် ခက်ခဲသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

29 ရတနာဆိုင်ပိုင်ရှင်များသည် အလုပ်သမားဝန်ထမ်းများအပေါ် ဂရုစိုက်မှု အပြည့်ပေးသည်ဟူသော ပုံရိပ်တည်ဆောက်မှုနှင့် အောင်မြင်မှုများစွာရရှိလာသောကြောင့် ၎င်းတို့ကို ယခုအချိန်တွင် လူမှုရေးပြစ်ဒဏ် (SP) ပေးသင့်သည်ဟု PLC- တည်ထောင်သူ ကိုသားကြီးက တိုက်တွန်းထားသည်။

“ခုခေတ်ကလည်း သိတဲ့အတိုင်း ဥပဒေစိုးမိုးမှုက မရှိဘူးလေ။ ငွေများငွေနိုင်တဲ့ခေတ်ဆိုတော့ ဒီတိုက်ပွဲရဲ့ အဖြေက လူထုစိတ်ဝင်စားမှုပဲ။ သူတို့ live တွေဝင်မကြည့်ဘူး၊ ပို့စ်တွေဝင်မဖတ်ဘူး၊ မဝယ်ဘူး။ အဲလိုမျိုးတွေပေါ့ဗျာ သူတို့ကြောက်တာ ဥပဒေမဟုတ်ဘူး ဝယ်သူတွေပဲ ရှိတယ်”
_______________________

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဆောနယ်က ရေးဘေးသင့် စစ်ရှောင်များ အကူညီလိုအပ်နေ
Next Article တစ်ရက်တည်းမှာ နောင်မွန်နှင့် လားရှိုးမြို့ကို စစ်ကောင်စီတပ်ဗုံးကြဲ၊ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025

ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

May 23, 2025

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.