ထွယ်
စက်တင်ဘာ ၂၈၊ ၂၀၂၄။
မကွေးတိုင်း၊ ဆောမြို့နယ် လယ်ကြီးအိုင့်ကျေးရွာရှိ တောင်ဇလပ်စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းကရေဘေးသင့်ခဲ့သည့် စစ်ရှောင်များ စားနပ်စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်တာဝန်ခံထံက သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းရှိ နေအိမ်တဲများအားလုံးပျက်စီးသွားသဖြင့် ကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်နေရကာ ဒေသခံပြည်သူများက ကျွေးမွေးစောင့်ရှောက်ထားသည်ဟု စစ်ရှောင်တာဝန်ခံက ပြောသည်။
“နေအိမ်နဲ့ စာသင်ကျောင်းအပြင် အိမ်သာတွေလည်း ပျက်စီးသွားတယ်။ အဝတ်အစားတွေရောအကုန်ပါသွားတာ။ စစ်ရှောင်တွေ အားလုံးက အများအစားရှိတာမဟုတ်ပေမယ့် ရှိသလောက်ကို အကုန်ပါသွားတော့တာပဲ။ အိမ်ထောင်စု တစ်ခုဆိုရင် မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေက အစအကုန်ပါသွားတာ။ သိမ်းချိန်ကို မရဘူး” ဟု ပြောသည်။
တောင်ဇလပ် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၈၄ စုနှင့် လူဦးရေ ၃၂၉ ယောက်နေထိုင်ပြီး လူနေတဲ ၄၈ လုံးရှိရာ ချောင်းရေလျှံသဖြင့် တဲအလုံး ၄၀ ကျော်လုံး အပါအဝင် စာသင်ဆောင် ၈ လုံးလည်း ပျက်စီးသွားသည်ဟု စစ်ရှောင်တာဝန်ခံက ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်ကလေးများအတွက် ဆေးဝါးများနှင့် ဒန်အိုးဒန်ခွက်များအပြင် အဝတ်အစား အနွေးထည်များ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ငွေကြေးအခက်အခဲကြောင့် ပျက်စီးသွားသည့် လူနေတဲနှင့် စာသင်ဆောင်များကိုလည်း အသစ်ပြန်ဆောက်ခြင်းမဟုတ်ဘဲ လုပ်အားဖြင့်သာ ပြန်လည်မွမ်းမံ သန့်ရှင်းရေး ပြုလုပ်သွားမည်ဟု သိရသည်။
ထိုစစ်ရှောင်ပြည်သူများသည် ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့မှ ဒေသခံပြည်သူများဖြစ်ပြီး ၎င်းတို့ဒေသမှ ဆောမြို့နယ်သို့ စစ်ဘေးတိမ်းရှောင်နေသည်မှာ ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်က မကွေးတိုင်း၊ ဆောမြို့နယ် ယောမြို့ကျေးရွာတွင် စစ်ရှောင်နေပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်သဖြင့် လယ်ကြီးအိုင့်ကျေးရွာသို့ ထပ်မံစစ်ဘေးရှောင်နေသည်မှာ ၁ နှစ်ခန့် ရှိပြီဟု သိရသည်။
အဆိုပါ လယ်ကြီးအိုင့်ကျေးရွာတွင် စက်တင်ဘာ ၂၄ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ချောင်းရေလျှံကာ ၂၅ ရက်က မင်းတပ်ဒေသခံ သားအမိ နှစ်ဦး ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့သည်။
ဓာတ်ပုံ – ပေးပို့။