ထွယ်
စက်တင်ဘာ ၂၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အပါအဝင် ကိုးကန့်တပ်တော်- MNDAA ထိန်းချုပ်ထားသည့် နောင်မွန်ရွာကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့တစ်ရက်တည်းပင် လားရှိုးမြို့၊ ရပ်ကွက် – ၈ ကို ည ၈ နာရီခွဲခန့်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နံနက်အစောပိုင်း ၂ နာရီခွဲခန့်က သိန္နီခရိုင် သံလွင်လျင်ဟိုန်ဒေသ နောင်မွန်မြို့နယ်ကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“နောင်မွန်ကို မနက်ပိုင်းကကြဲပြီး လားရှိုးကို ညက လာကြဲသွားတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် နောင်မွန်မြို့နယ်ကို လေကြောင်းမှ ဗုံး ၁၀ လုံးထက်မနည်းဗုံးကြဲခဲ့သဖြင့် အရပ်သား ပြည်သူတစ်ဦး ဘယ်ဘက်ခြေထောက်ပြတ်သွားကာ နေအိမ်များနှင့် လမ်းများလည်း ပျက်စီးသွားသည်ဟု သိရသည်။
ထို့ပြင် ယမန်နေ့ညတွင် လေကြောင်းဖြင့် ဗုံးကြဲခဲ့သဖြင့် လားရှိုးမြို့ရှိ ကားဝပ်ရှော့နှင့် အဆောက်အဦးပေါ်ကျရောက် ပေါက်ကွဲသဖြင့် ကားနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း ဒေသခံအမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်သည် MNDAA ထိန်းချုပ်ထားသည့် လားရှို့မြို့ကို တစ်လအတွင်း လေကြောင်းဖြင့် ဗုံး ၉ ကြိမ်ကြဲခဲ့ပြီး အရပ်သား ၄ ဦးထက် မနည်းသေးဆုံးကာ ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လားရှို့မြို့ပြန်လည်ထူထောင်ရေးအဖွဲ့၏စာရင်းအများအရ သိရသည်။
ကိုးကန့်တပ်ဖွဲ့- MNDAA နှင့် ပူးပေါင်းတပ်သည် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို ဇူလိုင် ၃ ရက်က စတင်တိုက်ခိုက်ခဲ့ရာ ၁ လကြာ သြဂုတ် ၃ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး