ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း၌ ကရင်နီတော်လှန်ရေးတပ်များမှ ရဲဘော်၅ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သောနိုဝင်ဘာလကုန်ပိုင်း၌ တပ်များဆုတ်ခွာပေးခဲ့ရသောစစ်ကောင်စီတပ်သည် ယခုလဒီဇင်ဘာလ ၆ရက်၊ ညသန်းခေါင်ယံအချိန်၌ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးစစ်ဆင်လာခဲ့သည်။
အင်အား၈၀ ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၇ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများပြင်ထန်ခဲ့သည်။
ပူဖား၊ သေးဆူလဲ၊ ကုန်းသာ ကျေးရွာများတဝိုက်တွင်စစ်ကောင်စီတပ်များကို KNDF ၊ KRU ၊ ဒီးမော့ဆို MOD PDF နှင့်မဟာမိတ်တပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ဒီဇင်ဘာလ ၇ရက်၊ ပူဖားကျေးရွာတိုက်ပွဲကရင်နီ အမျိုးသားများပြည်သူ့ကာကွယ်ရေးတပ် KNDF B06 တပ်ရင်းမှ ရဲဘော်စတီးဖင်း၊ရဲဘော်ဒါးဝီမောင်ငယ်နှင့် ရဲဘော်ဂျေနေဦးကျဆုံးခဲ့ရပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၆) မှ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်အလေးပြုအပ်သည်ဟု ထုတ်ပြန်ထားသည်။
ပူဖားကျေးရွာမှတစ်ဆင့်ကုန်းသာကျေးရွာအထိရောက်ရှိလာသည့်စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တို့ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရဲဘော် ၅ ဦးပိတ်မိနေခဲ့သည့် အခြေအနေမှ ၄ဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့သော်လည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။
” သူတို့ (စစ်ကောင်စီတပ်စစ်ကြောင်း)က ညအချိန်မတော် ၁၁ နာရီခွဲဝန်းကျင်လောက် ဝင်လာတာဆိုတော့ ကျွန်တော်တို့ဘက်ကင်းကအဆင်ပြေပေမယ့် တစ်ဖက်ကကင်းပေါက်သွားခဲ့တယ်။ အဲတော့ရဲဘော်တွေအနေနဲ့ ပိတ်မိတဲ့ အနေအထားဖြစ်သွားခဲ့တယ် ။ ပိတ်မိတဲ့ ရဲဘော်တွေကို ကျွန်တော်တို့ တော်တော်လေး ခက်ခက်ခဲခဲ အခြေအနေနဲ့ ကယ်ထုတ်ခဲ့ရတယ် “ဟု KRU တပ်ပေါင်းစု၏တပ်ဖွဲ့တစ်ခုဖြစ်သည့် KDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြော သည်။
ပိတ်မိနေခဲ့သောရဲဘော် ၅ ဦးအနက် ရဲဘော်၂ဦး ညတွင်း ချင်းကယ်ထုတ်နိုင်ခဲ့ပြီး နောက်နေ့နံနက်ပိုင်း၌ရှာဖွေခဲ့ရာ နောက်ထပ်ရဲဘော်နှစ်ဦးကို ထပ်မံကယ်ထုတ်နိုင်ခဲ့သည်။ ကယ်ထုတ်ခဲ့ရသောရဲဘော်များသည် ဒဏ်ရာများရရှိထားပြီး လက်ရှိတွင် အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဆေးကုသမှုခံယူနေကြသည်ဟု သိရသည်။
ပိတ်မိနေခဲ့သော KRU ရဲဘော် ၅ဦးအနက်နောက်ဆုံးကယ်ခဲ့သော ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစုလက်အောက်ခံ GZ-21( Loikaw) အဖွဲ့ မှ ရဲဘော်သန်းထိုက်ဇော် (ခ) အယ်လွမ်း သည်ကျဆုံးခဲ့ရပြီး၎င်း၏ ဈာပန အခမ်းအနားကို ယမန်နေ့၌ ပြုလုပ်ပေးခဲ့သည်။
ဒီးမော့ဆိုအနောက်ခြမ်းတိုက်ပွဲအတွင်း၌ KNDF နှင့် KRU တို့မှရဲဘော်များကျဆုံးခဲ့ရသည့်အပြင်ဒီးမော့ဆိူပြည်သူ့ကာ ကွယ်ရေးတပ် DMO-PDF မှ တပ်စုမှူးတစ်ဦးလည်း ကျဆုံးခဲ့သည်ဟု DMO-PDF ဘဏ္ဍာရေးမှူးက သံလွင်ခက်ကို ယနေ့တွင်ပြောသည်။
ပြီးခဲ့သောနိုဝင်ဘာလ နောက်ဆုံးအပတ်တွင်း၌ စစ်ကောင်စီတပ်များလနှင့်ချီတပ်စွဲထားခဲ့သောဒီးမော့ဆိုမြို့နယ် ကျေးရွာ များကို ကရင်နီပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နယ်မြေများရရှိ၍ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။
တပ်များဆုတ်ခွာပေးလိုက်ရသော စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလမှစ၍ ဝေဟင်ပစ်ကူ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်နေခဲ့ရာ ဒီဇင်ဘာလ ၃ရက်တွင်လည်း ဒီးမော့ဆိုမြို့နယ် ဒေါကမီးကျေးရွာ၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄ဦးကိုအရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု KNDF ကထုတ်ပြန်ထားသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းကို ယခုလပိုင်း၌ စစ်ကောင်စီတပ်ထိုးစစ်ဆင်နေမှုကြောင့်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း၌ ကရင်နီပူးပေါင်းတကပ်များမှ ၅ ဦးထက်မနည်းကျဆုံးထားခဲ့သည့်အပြင် စစ်ကောင်စီတပ်ဘက်မှလည်း ထိခိုက်သေဆုံးအများအပြားရှိနေသည်။
ယခုလဒီဇင်ဘာ၇ရက်နေ့တိုက်ပွဲများအတွင်း၌ စစ်ကောင်စီ တပ်များဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ၎င်းတို့စစ်ကြောင်းထိုးလာရာ နေရာများတွင်ရှိနေသေးသည့်အပြင် ကရင်နီပူးပေါင်းတပ်များကလည်း နယ်မြေထိန်းချုပ် လှုပ်ရှားမှုများရှိနေသော ကြောင့် ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သည်ဟု KNDFတာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
ပုံ-ဒီဇင်ဘာ ၇ ရက်၊ဒီးမော့ဆိုအနောက်ခြမ်းတိုက်ပွဲများအတွင်း၌ ကျဆုံးခဲ့ရသော KNDF နှင့် KRU ရဲဘော်များ၏ စျာပနမြင်ကွင်း။