နေအိမ်များပြာကျသွားသည့်ပြည်သူများနှင့်နေအိမ်များမီးရှို့မခံလိုက်ရသူများလည်း ရှိသမျှရိက္ခာနှင့်ပစ္စည်းများ ယူဆောင်၊ ဖျက်ဆီးခံလိုက် ရသည့်အတွက် သောင်းဂဏန်းအထိရှိသော ဒီပဲယင်းပြည်သူများမှာ လက်တလော စားသောက်ရေးအတွက်ကိုပင် အရေးအပေါ်အကူအညီလိုအပ်နေသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ လကုန်ပိုင်း၌ ရေဦးမြို့နယ်နှင့်ရွှေဘိုမြို့နယ်တို့မှ ဒီပဲယင်းမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးခဲ့သော အင်အား ၁၅၀ဝန်းကျင်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းက ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများကို ၁၀ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။
ယခုလဒီဇင်ဘာ ၁ရက်မှ ၁၁ ရက်အထိ စစ် ကောင်စီတပ်များမီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာ ၁၉ ရွာမှ နေအိမ် ၁၆၀၀ ကျော်အထိမီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် နများရွာမှ နေအိမ် ၃၁၈ လုံး၊ အင်ပင်ရွာမှ နေအိမ် ၂၅၀ လုံး၊ ညောင်လှရွာမှနေအိမ် ၁၉၇ လုံး၊ လက်ယက်ကုန်းရွာမှ နေအိမ်၁၈၆ လုံးနှင့် မူးခ တွင်းရွာမှ နေအိမ် ၁၆၃ လုံးစသည့်ကျေးရွာများမှ နေအိမ်များ ရာချီမီးလောင်ပျက်စီးခဲ့ရသည်။
ထို့ပြင်ကျန်သည့် အခြားကျေးရွာ ၁၃ရွာတို့တွင်လည်းနေအိမ် ၉ လုံးမှစ၍ နေအိမ် ၈၅ လုံးအထိ နေအိမ်များစွာမီးလောင်ပြာကျခဲ့ရသည်။
” အများစုတော့ အိမ်တွေကိုပြန်ဝင်ပြီးတော့ ရှင်းလင်းရေးတွေ လုပ်နေကြပါပြီဗျ ။ ကျွန်တော်တို့လည်း လိုက်ပြီးကူညီပေးနေပါတယ်။ တချို့နေအိမ် မီးရှို့မခံရပေမယ့် ပစ္စည်းတွေအားလုံး မွှေနှောက်ပြီး မှောက်လှန် ရိုက်ခွဲဖျက် ဆီးထားခဲ့ကြတယ် “ဟု ဒီပဲယင်းမြို့နယ်စစ် ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်များက ဒီပဲယင်းအရှေ့ခြမ်းရှိ နေအိမ်၁၆၀၀ ကျော်အထိကိုမီးရှို့ဖျက်ဆီးခံသည့်အပြင် မီးမရှို့ခဲ့သည့်ကျေးရွာများနှင့်နေအိမ်တို့၌လည်း ရိက္ခာနှင့်ပစ္စည်းများကို မူးမြစ်၏အရှေ့ဘက်ကမ်းရှိပျူစောထီးရွာများသို့ သယ်ဆောင်သွားသည်ဟု အသက် ၄၀ ကျော် အရွယ်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထို့ကြောင့် စစ်ကြောင်းထိုးလာစဥ်အတွင်း၌ ထွက်ပြေးရှောင်တိမ်းနေခဲ့ရသည့် လူဦးရေ ၂၀၀၀၀ ဝန်းကျင်အထိရှိသော ဒီပဲယင်းအရှေ့ခြမ်းပြည်သူများသည် လက်ရှိစစ်ကြောင်းပြန် ထွက်ချိန်တွင်လည်းအိုးမဲ့အိမ်မဲ့ဖြစ်သွားသူများ နှင့် ရိက္ခာပစ္စည်းများ ယူဆောင်ဖျက်ဆီးခံလိုက် ရသူများဖြင့် စားသောက်ရေးအတွက် အခက် အခဲနှင့်ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်။
” လက်ရှိသူသူ၊ကိုယ်ကိုယ် ကူညီပေးနိုင်ရင် ၄၊ ၅ ရက်စာပေါ့နော် ။ အခု ၄၊ ၅ ရက်လောက် တော့အဆင်ပြေကောင်းပြေနိုင်တယ်။ ၄၊ ၅ ရက်ကျော်ရင်တော့မလွယ်ဘူး ။ ဘာလို့လည်းဆိုတော့ အခုအိမ်ခြေအရေအတွက်နဲ့က မဖြစ်စလောက်လေးပဲ ပေးနိုင်ကြတာ “ဟု စစ်ရှောင် များကို ကူညီနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့တာဝန်ရှိသူ ကိုကြီးဖြိုးက ယနေ့တွင်သံလွင်ခက်ကိုပြောသည်။
လက်ရှိတွင် အိုးအိမ်မဲ့ဖြစ်သွားသည့် ပြည်သူ များသည် ဘုန်းကြီးကျောင်းများနှင့်စာသင် ကျောင်းများ၌ အစုလိုက်ယာယီတည်ခိုးနေကြရပြီး လက်တလောတွင်ကူညီထောက်ပံ့ပေးသည့် အဖွဲ့များနှင့် အလှူရှင်တချို့မှ စားသောက် ရေးအတွက် ဖြေရှင်းပေးနေရသော်လည်း ရက်ပိုင်းအတွင်း ရိက္ခာများ ပြတ်လပ်နိုင်၍ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ၎င်းကပြောသည်။
ဒီပဲယင်းမြို့နယ်တွင် ယခုဒီဇင်ဘာလမတိုင်မီ လများအတွင်း ၌ ကျေးရွာ ၃၂ ရွာမှ နေအိမ် ၁၅၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားခဲ့ရာ လနှင့်ချီကြာမြင့်နေသည့်အချိန်ထိ ယာယီနေအိမ်များ မစီစဥ်ပေးနိုင်သေးသည့် အခြေအနေတွင် လက်ရှိထပ်၍ အိုးအိမ်မဲ့ဖြစ်သွားသည့် ပြည်သူများအနေဖြင့်လည်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် အချိန်မည်မျှကြာကြာ ခိုလှုံနေရဦးမည်ကိုမသိရှိနိုင်သေးဘူးဟု ကိုကြီးဖြိုးကပြောသည်။