ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ထိန်းချုပ်ထားရာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်း၃ကြောင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှု၌ KRU ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များသည် ကုန်းသာကျေးရွာသို့ ယခုလ ဒီဇင်ဘာ၆ရက်တွင် ညဘက်အချိန်မတော်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ညသန်း ခေါင်ယံနီးကပ်ချိန် ၁၁း၄၅ နာရီတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း၌ KRU ရဲဘော် ၅ဦး ပိတ်မိ၍ ကျန်နေခဲ့ရာ ရဲဘော် ၄ဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့သည်။
” သူတို့ (စစ်ကောင်စီတပ်စစ်ကြောင်း)က ညအချိန်မတော် ၁၁ နာရီခွဲဝန်းကျင်လောက် ဝင်လာတာဆိုတော့ ကျွန်တော်တို့ဘက် ကင်းကအဆင်ပြေပေမယ့် တစ်ဖက်ကကင်းပေါက်သွားခဲ့တယ်။ အဲတော့ရဲဘော်တွေအနေနဲ့ ပိတ်မိတဲ့ အနေအထားဖြစ်သွားခဲ့တယ် ။ ပိတ်မိတဲ့ ရဲဘော်တွေကို ကျွန်တော်တို့ တော်တော်လေး ခက်ခက်ခဲခဲ အခြေအနေနဲ့ ကယ်ထုတ်ခဲ့ရတယ် “ဟု KRU တပ်ပေါင်းစု၏တပ်ဖွဲ့တစ်ခုဖြစ်သည့် KDF တပ်ဖွဲ့ ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ပိတ်မိနေခဲ့သောရဲဘော် ၅ ဦးအနက် ရဲဘော်၂ဦး ညတွင်း ချင်းကယ်ထုတ်နိုင်ခဲ့ပြီး နောက်နေ့နံနက်ပိုင်း၌ထပ်ရှာဖွေခဲ့ရာ နောက်ထပ်ရဲဘော်နှစ်ဦးကို ထပ်မံ ကယ်ထုတ်နိုင်ခဲ့သည်။ ကယ်ထုတ်ခဲ့ရသောရဲဘော်များသည် ဒဏ်ရာများရရှိထားပြီး လက်ရှိတွင် အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဆေးကုသမှုခံယူနေကြသည်ဟု သိရသည်။
” ကျွန်တော်တို့ ရှာဖွေနေတဲ့ ကျန်ရဲဘော်တစ်ယောက်ကတော့ ကျဆုံးသွားပြီးဆိုတာ မနေ့က ညပိုင်းက အတည်ပြုလို့ရခဲ့ပါတယ် “ဟု KRU တာဝန်ရှိသူ ကိုလင်းလင်းက ယနေ့ နေ့လည်ပိုင်း၌ သံလွင်ခက်ကိုပြောသည်။
အဆိုပါရဲဘော်ကျဆုံးကြောင်းကို စစ်ကောင်စီတပ်ဘက်က ဖော်ပြလာသည့် ဓာတ်ပုံများအရ ၎င်း၏ ရုပ်အလောင်း ၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနှင့် တပ်ဖွဲ့၏ ဘတ်တံဆိပ် စသည့်အချက်အလက်များဖြင့် အတည်ပြုသိရှိရခြင်းဖြစ်သည်။
” အခုချိန်ထိ ကျွန်တော်တို့က သူ့ရဲ့ Dead Body (ရုပ်အလောင်း)ကို ရယူနိုင်ခြင်းမရှိသေးဘူးပေါ့နော်။ မယူနိုင်ဘူးဆိုတာက သူတို့တပ်စွဲထားတဲ့နေရာမှာ ထားထားတာလား၊ မြေတွင်းတွေထဲပစ်ချထားတာလားဆိုတာ ကင်းထောက်ကြည့်တော့လည်း ဘာအရိပ်အရောင်မှ မတွေ့ရဘူးပေါ့နော် “ဟု ကိုလင်းလင်းက ပြောသည်။
စစ်ကောင်စီတပ်များ လနှင့်ချီတပ်စွဲထားခဲ့သော ဒီးမော့ဆို ကုန်းသာကျေးရွာ၊ သေးဆူလဲ ကျေးရွာများတကျောကို ကရင်နီတပ်များက ပြီးခဲ့သောနိုဝင်ဘာလကုန်ပိုင်း၍ ထိုးစစ်ဆင်၍ နယ်မြေများကို ပြန်လည်ရယူ၍ ထိန်းချုပ်နိုင်ခဲ့သည်။
တပ်ဆုတ်ခွာပေးလိုက်ရသည့် စစ်ကောင်စီတပ်က ဝေဟင်ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ယခုဒီဇင်ဘာလဆန်းပိုင်း၌ ပြန်လည်ထိုးစစ်ဆင်နေခဲ့သောကြောင့် ဒီးမော့ဆို၌ ထိတွေ့တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေခဲ့ရာ ဒေသခံတပ် များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု၊ကျဆုံးမှုများနှင့်ကြုံနေကြရခြင်း ဖြစ်သည်။
ထို့ပြင် အင်အား ၈၀ ခန့်ဝန်းကျင်ဖြင့် ဒီးမော့ဆို ကုန်းသာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာ၌လည်း လက်နက်အင်အားမမျှတ၍ ဒေသခံတပ်များ ထိန်းချုပ်နေရာများမှ အနည်းငယ်ဆုတ်ခွာပေးခဲ့ရသည်။
လက်နက်အင်အားမမျှ၍ နောက်ဆုတ်ပေးလိုက်ရသည့် အခြေအနေနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေတို့ကြောင့် ကျည် ၊ခဲယမ်းများ YAUNG NI fundraising page ကနေတစ်ဆင့်အမြန်ဆုံးကူညီပေးကြရန် KRUက မေတ္တာရပ်ခံထားသည်။
( KRU တပ်ဖွဲ့ဝင်များထံလှူဒါန်းလိုသူများအနေဖြင့် YAUNG NI fundraising page https://www.facebook.com/102673478554871/posts/516243047197910/?mibextid=Nif5ozသို့ ဆက်သွယ်မေးမြန်းနိုင်သည်)
ဓာတ်ပုံ- ကျဆုံးသွားခဲ့သော KRU တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီတပ်ဘက်မှ ရရှိသွားသောပစ္စည်းများ။