ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၂၆၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့အနီးက ကျေးရွာတစ်ရွာမှာ ရွှေ့ပြောင်းအာခါလူမျိုးတွေဟာ မကောင်းဆိုးဝါးနှင်ပွဲကို ပြီးခဲ့တဲ့ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အာခါလူမျိုးတွေရဲ့ယုံကြည်ချက်မှာ ရှေးယခင်က လူနဲ့ မကောင်းဆိုးဝါးဟာ ညီအကိုချင်းပမာအတူနေထိုင်ခဲ့ဖူးတာပါ။ ဒါပေမယ့် မကောင်းဆိုးဝါးဟာ လူကိုပြန်လည်ဒုက္ခပေးချင်ခဲ့တာကြောင့် သူ့ကိုနှင်ထုတ်ခဲ့တာ (ဒါမှမဟုတ်) သတ်ဖြတ်ခဲ့ရာကနေ မကောင်းဆိုးဝါးနှင်ပွဲဆိုပြီး ရိုးရာဓလေ့ဖြစ်လာတယ်လို့ သိရပါတယ်။
မကောင်းဆိုးဝါးနှင်ပွဲကို ၂ ရက်တာ ပြုလုပ်လေ့ရှိပြီး ပထမရက်မှာ ကြက်သွေးသွန်းတာ အပါအဝင် ခေါပုတ်ထောင်းတာ၊ သစ်သားဓားပြုလုပ်ပြီး ဓားကိုယ်ထည်မှာ အာခါစာကို ရေးသားပြီး ဆေးရောင်စုံကို ကွက်ကျားချယ်သကြပါတယ်။ ဒီဓါးဟာ အမျိုးသားတွေအတွက်ပဲဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ ယောကျာ်းလေးအရေအတွက်အလိုက် ဓားပြုလုပ်ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် ဒုတိယနေ့မှာတော့ ဓါးကိုင်ပြီး မကောင်းဆိုးဝါးတွေကို နေအိမ်ထဲကနေ ခြောက်လန့်မောင်းထုတ်တာ၊ သေနတ်ပစ်ဖောက်တာတွေပြုလုပ်ကြပြီး ရွာအဝင်တံခါးမကြီး၊ တံခါးမငယ်တွေမှာ စုရုံးကြပါတယ်။ အဲဒီနောက် ဓားတွေကို ရွာအဝင်တံခါးမကြီးအနီးမှာ မြေစိုက်ကြသလို တံခါးထုပ်တန်းပေါ်မှာ ချိတ်ဆွဲကြပါတယ်။
အဲဒီနောက် ကလေး၊ လူငယ်၊ အမျိုးသားတွေဟာ တံခါးမကြီးကနေ တန်းစီပြီး ဝင်ကြကာ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ကြပါတယ်။ ဒီပွဲပြုလုပ်ရခြင်းရဲ့ အကျိုးကျေးဇူးအနေနဲ့ စီးပွားလာဘ်လာဘတွေ တိုးတက်လာတာ၊ ကျန်းမာရေးကောင်းမွန်လာမယ်လို့ အာခါလူမျိုးတွေက ယုံကြည်ထားကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် အာခါလူမျိုးအများစုဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းနယ်မှာနေထိုင်ကြတာပါ။
ပုံစာ- မကောင်းဆိုးဝါးနှင်ပွဲမှာ ပါဝင်နေကြတဲ့ ရွှေ့ပြောင်းအာခါလူမျိုးများ။ ဓာတ်ပုံ- မောင်ဖေငယ်/သံလွင်ခက်။