ခင်သရဖီဦး
စက်တင်ဘာ ၂၆၊ ၂၀၂၄။
ရခိုင်ပြည်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့သဖြင့် အသက် ၁၁ နှစ် အရွယ်ကလေးတစ်ဦးအပါအဝင် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်ညနေ ၄ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာတစ်စီးမှ ရွာသာယာရပ်ကွက်ကို ၂ ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့် မိဘမဲ့ဂေဟာအနီးကို ကျရောက်ပေါက်ကွဲခဲ့သည်။
“ပထမတစ်ခေါက် ရွာသာယာရပ်ကွက်ကိုပစ်တော့ မရွှေဇင်ဝင်းအိမ်မှာ တစ်လုံးကျတယ်။ အဲဒီ ကလေးမလေးသေတယ်။ ဒဏ်ရာရတဲ့လူတွေရှိတယ်။ နောက်တခေါက်လာပစ်တဲ့အချိန် ဘုန်းကြီးကျောင်းအနီးအနားမှာရှိနေတဲ့ ကိုမောင်သန်းဌေးက နံရိုးပွင့်ပြီး ထပ်သေတယ်။ သက်ကြီးပိုင်းအပါအဝင်စုစုပေါင်း ၇ ဦး ဒဏ်ရာရတယ်” ဟု မြေပုံဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသူများမှာ မရွှေဇင်ဝင်း (၁၁) နှစ်၊ ဦးမောင်သန်းဌေး (၃၈) နှစ်နှင့် ဒဏ်ရာရရှိသူများမှာ ဦးအောင်လှဦး (၇၅ )နှစ်၊ ဒေါ်ကျော့စိန်လှ (၇၂) နှစ်၊ မထက်ထက်အေး (၁၁) နှစ်၊ ဦးဦးနီးကျော် (၄၈) နှစ်၊ ဦးကျော်မြ (၆၆) နှစ်၊ ဒေါ်သိန်းရွှေနု (၆၈) နှစ်နှင့် ဦးမောင်သောင်းယိုင် (၈၀) နှစ်တို့ ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများတွင် စိုးရိမ်ရသူများပါဝင်ပြီး နီးစပ်ရာဆေးခန်း၌ ဆေးကုသမှုခံယူနေကြသည်ဟု သိရသည်။
“ခြေထောက် တစ်ယောက်ကျိုးသွားတယ်။ တခြားလူတွေမှာလည်း မျက်နှာတို့၊ ဦးခေါင်းတို့မှာ အစအနတွေ ထိပြီးတော့မှ ဒဏ်ရာရကျတယ်” ဟု အထက်ပါ မြေပုံဒေသခံက ပြောသည်။
ဓာတ်ပုံ- ပေးပို့။