ဘုန်းမောင်
စက်တင်ဘာ ၃၀၊ ၂၀၂၄။
လက်ရှိ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသောအကြပ်အတည်းများအားဖြေရှင်းရာ၌ ထိုင်းနိုင်ငံသည်အရေးပါ သောအခန်းကဏ္ဍက တမူထူးခြားစွာရပ်တည်လျက်ရှိနေသည်ဟု ပြည်တွင်းပြည်ပရှိ ပေါ်လစီမိတ်ကာများ နှင့် ကျွမ်းကျင်သူများက အသိအမှတ်ပြုလက်ခံထားကြပါသည်။
မြန်မာနှင့်ထိုင်းနိုင်ငံတို့သည် နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေပြီး စီးပွားရေးအရအပြန်အလှန်ဆက်စပ် မှု၊ လုံခြုံရေးဆိုင်ရာနှစ်ဖက်အကျိုးစီးပွားများအပြင် အဓိကအကျဆုံးသောအချက်က အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်နေခြင်းပင်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ချိန်တွင် ထိုင်းနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုများရှိနေမည်ဆိုသည်ကလည်း သိသာထင်ရှားနေပေသည်။
သို့သော် မြန်မာ့အရေးတွင် ထိုင်းနိုင်ငံ၏သံတမန်ရေးဆိုင်ရာကြိုးပမ်းမှုများသည် ဝေဖန်မှုများ၊ အတားအ ဆီးများဖြင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်းတွင်ဖြစ် သည်။ ထိုသို့သောဝေဖန်မှုနှင့် အတားအဆီးများအား ထိုင်းနိုင်ငံကရင်ဆိုင်နေရသော်လည်း မြန်မာ့အရေးနှင့် ပတ်သက်သော ရေရှည်တည်တံ့မည့်အဆိုတစ်ရပ်အား ဆုံးဖြတ်ချက်ချတော့မည်ဆိုလျှင်တော့ ထိုင်းနိုင်ငံ ၏ပါဝင်ပတ်သက်မှုက အလွန်အရေးကြီးပါသည်။ ထိုင်းနိုင်ငံမပါဝင်သောဆုံးဖြတ်ချက်များက စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်ကြောင်း သဘောပေါက်အသိအမှတ်ပြုထားဖို့ လိုအပ်ပါသည်။
အမြော်အမြင်ရှိသောခေါင်းဆောင်မှု၏ အမွေအနှစ်
လွန်ခဲ့သောနှစ်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံအပေါ်ထားရှိသော ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများကို အမြော်အမြင်ရှိသောခေါင်းဆောင်များက ချမှတ်ပုံဖော်ခဲ့ကြပါသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ပရင်မ် တင်ဆူလနွန်ဒါး – Prem Tinsulanonda (၁၉၈၀ – ၁၉၈၈) သည် ၎င်း မတိုင်ခင် ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းက ထိုင်းနိုင်ငံ၌ ကာလရှည်ကြာဆုပ်ကိုင်ထားခဲ့သော ကြားခံ ပေါ်လစီ (buffer policy) အားအဆုံးသတ်ခဲ့လေသည်။
ယင်းအပြင် ထိုင်းဝန်ကြီးချုပ်ဟောင်းချက်တီချိုင်းချူဟာဗန် – Chatichai Choonhavan (၁၉၈၈ – ၁၉၉၁) သည်လည်း ၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် “စစ်မြေပြင်အား ဈေးကွက်အဖြစ်ပြောင်းလဲခြင်း” ဟူ သည့်မူဝါဒကို စတင်ခဲ့လေသည်။ အာနန် ပန်ယာချွန် – Anand Panyarachun သည်လည်း “အပြုသဘော ဆောင်သော ထိတွေ့ဆက်ဆံရေး “ပေါ်လစီအား ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းကာလများတွင် စတင်မိတ် ဆက်ပေးခဲ့သည်။
အာနန်သည် ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် စစ်အာဏာသိမ်းမှုနှင့် Black May ဟူသော နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ၁၉၉၂ ခုနှစ် မေလ ၁၇ ရက် သွေးချောင်းစီးမှုဖြစ်ရပ်ကြီး များနောက်ပိုင်း ဝန်ကြီးချုပ်အဖြစ် ၂ ကြိမ်တာဝန်ထမ်းဆောင်ခဲ့ကာ နိုင်ငံတော်၏အရေးပေါ်အခြေအနေ များကို ထိန်းသိမ်းပေးခဲ့သူလည်းဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံသမိုင်းတွင် ဒီမိုကရေစီအကျဆုံးဟုထင်ရှား ကျော်ကြားသော ၁၉၉၇ အခြေခံဥပဒေရေးဆွဲ ရာ၌ ခေါင်းဆောင်ခဲ့သူလည်းဖြစ်သည်။ အဆိုပါအခြေခံဥပဒေအား ၂၀၀၆ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖျက်သိမ်းခဲ့လေသည်။
၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်ခဲ့သော သက်ဆင် ရှင်နာဝပ် သည် ၂၀၀၀ ပြည့်လွန်နှစ်အစောပိုင်းကာလများ၌ “ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေး” ကို တွန်းအားပေးခဲ့လေသည်။
အထက်ဖော်ပြပါခေါင်းဆောင်များသည် ဆစ်ဒ်ဒီ ဆဗက်ဆီလာ (Siddhi Savetsila)၊ အာဆာ ဆာရာဆင်း (Arsa Sarasin)၊ ကဆမ် အက်စ် ကဆမ်စရိ (Kasem S. Kasemsri)၊ ဆူရင်း ပစ်တ်ဆူဝမ် (Surin Pitsuwan) နှင့် ဆူရာကီယတ်ဆတ်သီယာထိုင်း (Surakiart Sathirathai) တို့လို ထူးချွန်ထက်မြက်သော နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူလက်တွဲကာ နိုင်ငံတော်ကိုဦးဆောင်ခဲ့ကြသည်။
ထိုစဥ်ကာလများမှာတော့ ထိုင်းနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒကို အတွေ့အကြုံရှိသူများနှင့် အတွေးအခေါ်ရှေ့ ရောက်သူများကလမ်းညွှန်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများအပေါ် ပြည်တွင်းပြည်ပကလည်း လေးစားမှုရှိခဲ့ကြ သဖြင့် သိသာထင်ရှားသောသက် ရောက်မှုများရှိခဲ့ပါသည်။
ယင်းကဲ့သို့သော အတိတ်၌ကြုံခဲ့သောအတွေ့အကြုံများနှင့် သံတမန်ရေးရာအောင်မြင်မှုများအပေါ် အခြေခံ ရမည်ဆိုသော် ထိုင်းနိုင်ငံအတွက်အရေးအကြီးဆုံးအချက်က ခေါင်းဆောင်မှုဖြစ်သည်။
မိမိတို့လိုပြည်သူများအတွက်လိုအပ်နေသည်ကလည်း အမြော်အမြင်ရှိသော၊ နားလည်တတ်သော၊ သန်မာ သောခေါင်းဆောင်မှုဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများဖြင့်ပြည့်နှက်နေသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။
အဆိုပါခေါင်းဆောင်သည် ပေးအပ်သည့်တာဝန် ကျေပွန်သူဖြစ်ရမည်။ အမိန့်ကို လေးစားတတ်ရမည်။ သို့ ပါမှလည်း တူညီသောဦးတည်ချက်ဆီရောက်ရှိနိုင်ရန်အတွက် ထိုင်းအစိုးရကြီးတစ်ရပ်လုံးကို စည်းလုံးညီ ညွတ်လာအောင် စွမ်းဆောင်နိုင်ပေလိမ့်မည်။
ရှုပ်ထွေးမှုများအား ညှိနှိုင်းဆောင်ရွက်ခြင်း
၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းကတည်းကပင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်မှုနှင့် အိမ်နီးချင်းကောင်း များလိုက်နာရမည့် အခြေခံမူများလိုက်နာမှု စသည်တို့အပေါ် တစိုက်မတ်မတ်အာရုံစူးစိုက်လာခဲ့သည်။
ဤချဥ်းကပ်မှုများက တည်ငြိမ်၍ အပြုသဘောဆောင်သောဆက်ဆံရေးအားမြှင့်တင်သွားမည်ဟူသော နိုင် ငံတော်၏ကတိကဝတ်ကိုလည်း ထင်ဟပ်နေပါသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအပေါ်ထားရှိသော ထိုင်းနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒတွင် အစိုးရအေဂျင်စီ အများအပြားပါဝင်ပြီး တစ်ခုချင်းစီတွင်လည်း သီးခြားတာဝန်များရှိနေကြသည်။ ယင်းတို့က ထိုင်းနိုင်ငံ၏ ကျယ်ပြန့်သောထိတွေ့ဆက်ဆံမှုများကို ထင်ဟပ်စေသော်လည်း ပိုမိုကောင်းမွန်သော ပေါင်းစပ်ညှိနှိုင်းမှုနှင့် ထိရောက်မှုအမြင့်မားဆုံးဖြစ်စေရန်အတွက် ရှင်းလင်းပြတ်သားသောမဟာဗျူဟာလမ်းညွှန်မှုတစ်ရပ်လို အပ်လျက်ရှိနေကြောင်းကိုလည်း မီးမောင်းထိုးပြနေပါသည်။
စီးပွားရေးအကျိုးစီးပွားနှင့် သံတမန်ရေးဟန်ချက်ညီအောင်ထိန်းညှိပေးခြင်း
“စစ်မြေပြင်အား ဈေးကွက်အဖြစ်ပြောင်းလဲခြင်း”ဟူသော အယူအဆ သို့မဟုတ် ယုံကြည်မှုက ထိုင်းနှင့်မြန် မာနိုင်ငံတို့အကြား စီးပွားရေးအရဆက်ဆံမှုများအား ခိုင်မြဲစေခဲ့ပါသည်။ အဆိုပါဆက်ဆံရေးက ဩဇာကြီး မားသော စီးပွားရေးနှင့်သက်ဆိုင်သည့်အုပ်စုများကို ဖန်တီးပေးခဲ့သည်။
သို့သော် ပေါ်လစီမိတ်ကာများအနေဖြင့် ဆိုခဲ့ပြီးသော စီးပွားရေးနှင့်သက်ဆိုင်သောအကျိုးစီးပွားများ သေချာ စေရန်အတွက် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာမြောက်ထည့်သွင်းစဥ်းစားမှုများဖြင့် ချိန်ခွင်လျှာညှိဖို့လို အပ်သည်။
အနာဂတ်အတွက် လက်တွေ့ကျသောချဥ်းကပ်မှု
မြန်မာစစ်တပ်သည် တိုင်းပြည်၏အုပ်ချုပ်ရေးကို ဆက်လက်စိုးမိုးထားလိမ့်မည်ဟု ထိုင်းနိုင်ငံ၏အရာရှိများ ကယေဘုယျအားဖြင့် ယုံကြည်ထားကြသည်။ ဤလက်တွေ့ဆန်သောအမြင်က နှစ်နိုင်ငံကြားတည်ငြိမ် သောဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ထိုင်းနိုင်ငံ၏သတိကြီးစွာထားချဥ်းကပ်နေမှုကို ပုံဖော်ပေးနေပါ သည်။
မကြာသေးမီကချမှတ်ခဲ့သော ထိုင်းနိုင်ငံ၏မူဝါဒများတွင် ဘုံရည်မှန်းချက်တူညီသောစိတ်များလွှမ်းမိုးထား ခြင်းနှင့် ပြည်တွင်းနိုင်ငံရေးအကျိုးစီးပွားများအား မြန်မာ့ခေါင်းဆောင်ပိုင်းများနှင့် မျှဝေခံစားခြင်းများ မြင် တွေ့ခဲ့ရသည်။ ထိုင်းနိုင်ငံအနေဖြင့် လိုက်လျောညီထွေရှိနေဖို့နှင့် လိုအပ်ပါက ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်မှုများပြုလုပ်နိုင်ဖို့ အသင့်ရှိနေရန် အရေးကြီးပါသည်။
ဥပမာအားဖြင့် ထိုင်းနိုင်ငံသည် မြန်မာစစ်တပ်အပြင် အခြားသောအဓိကကျသည့် ပါဝင်ပတ်သက်နေသူများ နှင့် ထိတွေ့ဆက်ဆံရေးကို တိုးချဲ့ရန်အချိန်တန်နေပြီလည်းဖြစ်သည်။ ညောင်သီးလည်းစားလေးသံလည်းနား ထောင်တတ်ရပေလိမ့်မည်။ ထိုင်းနိုင်ငံအပြင် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံအများအပြား သည်လည်း မြန်မာ့အရေးတွင် အရေးပါသောအခန်းကဏ္ဍများကနေ ဩဇာလွှမ်းမိုးမှုများရှိနေသည်ဆိုခြင်း အား မိမိတို့ထိုင်းနိုင်ငံအနေဖြင့် သတိထားသင့်ပါသည်။
ထို့ကြောင့် အဆိုပါနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့်လုပ်ဆောင်ရန်နှင့် ယင်းတို့ကို ဦးဆောင်ရန် ထိုင်းနိုင်ငံအတွက် အရေးကြီးပါသည်။
ရှေ့ဆက်ရမည့်ခရီး
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများပြင်းထန်လာနေသည့်အတွက် ထိုင်းနိုင်ငံအနေဖြင့်လည်းအေးဆေးသက် သာနေခွင့်မရနိုင်သေးပါ။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက်ကြောင့် မူးယစ်ဆေး၊ ဒုက္ခသည် များ၊ တရားမဝင်သော ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအပါအဝင် မြန်မာပြည်တွင်း စစ်ကြောင့်ဖြစ်ပေါ်လာသော ပြဿနာဝန်ထုပ်ဝန်ပိုးများကို ထိုင်းနိုင်ငံအနေဖြင့်လည်း လွယ်ထားရပါသေး သည်။
အခြေအနေများ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးမြှင့်တင်ရာတွင် ထိုင်းနိုင်ငံအနေ ဖြင့် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ဖို့အရေးကြီးပါသည်။
ထိုင်းပေါ်လစီမိတ်ကာများအနေဖြင့်လည်း မြန်မာ့အရေးနှင့်ပတ်သက်သည့် အသီးသီးသောချဥ်းကပ်မှုများ ၏ရေတို- ရေရှည်ဂယက်ရိုက်ခတ်မှုနှစ်မျိုးစလုံးအား ထည့်သွင်းစဥ်းစားဖို့လိုအပ်နေကာ မြန်မာနိုင်ငံအပေါ် ထားရှိသော ထိုင်းနိုင်ငံ၏မဟာဗျူဟာကို ပြန်လည်အကဲဖြတ်သင့်ပါသည်။
တစ်ခါတစ်ရံတော့လည်း ထူးခြားသောအခြေအနေများအတွက် အထူးထူးအကဲကဲသောစီမံဆောင်ရွက်မှု များလိုအပ်ပါသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ရှုပ်ထွေးသောအခြေအနေများကိုဖြေရှင်းဖို့ကြိုးစားရာ၌ သံတမန်ရေးအရ အလေးအနက်ထားဆောင်ရွက်ဖို့လိုအပ်သလို ထိုသို့ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာအဖွဲ့ အစည်းများ အားလုံးနှင့်ထိတွေ့ဆက်ဆံသင့်ပါသည်။ မြန်မာနိုင်ငံရှိပဋိပက္ခများကိုဖြေရှင်းရာတွင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများက လိုအပ်မည်သာဖြစ်ပေသည်။
ထိုင်းနိုင်ငံသည် ဒေသတွင်တည်ငြိမ်ရေးနှင့်သာယာဝပြောရေးတို့အတွက် ကတိကဝတ်ပြုထားပြီးဖြစ်သည်။ သက်ဆိုင်သူအားလုံးနှင့် စေ့စေ့စပ်စပ်ပြတ်ပြတ်သားသားဆက်ဆံခြင်းအားဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ အတွက် ပိုမိုငြိမ်းချမ်းပြီး ပို၍သဟဇာတဖြစ်နိုင်မည့်အနာဂတ်ကို လမ်းခင်းပေးနိုင်သောနိုင်ငံလည်းဖြစ်နေ ပါတော့သည်။
Ref : “Thailand’s strategic role in Myanmar’s future” by ‘Damrong Kraikruan’
‘Damrong Kraikruan’ သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ထောက် အမြဲတမ်းအတွင်းဝန် ဟောင်းတစ်ဦးဖြစ်သည်။