သံလွင်ခက်
စက်တင်ဘာ ၂၄၊ ၂၀၂၄။
တပ်ဖွဲ့ဝင်အဖွဲ့အစည်းများအဖြစ် အယောင်ဆောင်ပြီး လုပ်ငန်းရှင်များထံ ငွေညှစ်ခြင်း၊ ရိက္ခာတောင်းခံခြင်းနှင့် ငွေကြေးကောက်ခံသူများကို အရေးယူသွားမည်ဟု MNDAA က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် မသမာသူတချို့သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်တပ်ဖွဲ့ဝင်၊ အထူးဒေသ (၁) ဘဏ္ဍာရေးဌာန သို့မဟုတ် အခြားသောဌာနအဖွဲ့ဝင်များအဖြစ် ယောင်ဆောင်ပြီး မန္တလေး၊ တောင်ကြီးနှင့် မူဆယ်စသည့် ဆိုက်ဘာမှုခင်း (ကျဖျင်) ကုမ္မဏီနှင့် စီးပွားရေးလုပ်ငန်းရှင်များ ထံ ငွေကြေးလိမ်လည်ကောက်ယူနေသည်ဟု ဖော်ပြထားသည်။
၎င်းတို့အဖွဲ့အနေဖြင့် ပြည်သူလူထုထံမှ ငွေကြေးကောက်ခံခြင်းမပြုသလို အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီအနေဖြင့် မန္တလေးမြို့တွင် အခွန်ကောက်ခံခြင်းနှင့် မန္တလေးဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မည့်မူဝါဒမရှိကြောင်း ဖော်ပြထားသည်။
ထို့သို့ MNDAA အမည်ဖြင့် ငွေကြေးတောင်းခံခြင်းများ ဖြစ်ပေါ်လာပါက ၎င်းတို့ထံ တိုင်ကြားနိုင်ကြောင်းနှင့် မသမာသူများကို ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူသွားမည်ဟု ဖော်ပြထားသည်။