သံလွင်ခက်
စက်တင်ဘာလ ၂၅၊၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန်တပ်မတော်- MNDAA ထိန်းချုပ်ထားသည့် လားရှို့မြို့ကို စစ်ကောင်စီမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေခြင်းသည် ပြန်လည်ရယူလိုသည့် ကြိုးစားမှုမျိုးဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့နှင့် MNDAA နဲ့နီးစပ်သူတချို့က ပြောသည်။
“MNDAA ထိန်းချုပ်ဖို့ ကြိုးစားတဲ့နယ်မြေ စစ်တပ်က ပြန်ယူချင်တဲ့ဟာမျိုးပြောလာတယ်။ တဆက်တည်းမှာလည်း MNDAA နဲ့ အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတယ်။ သူတို့အနေနဲ့ မြောင်ပိုင်းမှာရှိတဲ့ နယ်မြေတွေထဲမှာ သူတို့စစ်တပ်အတွက် နယ်မြေတွေ ပြန်လည်ရယူဖို့ကြိုးစားတာတွေ့ရတယ်” ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်တွင် MNDAA အပါအဝင် TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ်ကြေညာခဲ့ပြီးနောက် လားရှိုး၊ သီပေါ၊ နောင်ချို၊ မောင်တော စသည့်မြို့များကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်ခဲ့သည်။
ယခု စက်တင်ဘာလ ၂၁၊ ၂၄ နှင့် ၂၅ ရက်တို့တွင် စစ်ကောင်စီတပ်မှ လားရှိုးမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အရပ်သား ၁ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အဆောက်အအုံအများအပြားလည်းပျက်စီးခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုသည် MNDAA ၏အုပ်ချုပ်မှုအောက်တွင် လားရှိုးမြို့ ပြန်လည်မစည်ကားစေလိုခြင်းဖြစ်သည်ဟု MNDAA နှင့်နီးစပ်သူတစ်ဦးက ခန့်မှန်းပြောဆိုသည်။
“စစ်ကောင်စီအနေနဲ့ကလည်း သူတို့ဆုံးရှုံးသွားတဲ့နယ်မြေတွေကို လူတွေပြန်နေမှာ ပြန်စည်ကားမှာမဖြစ်စေချင်ဘူး ပေါ့။ အဲ့တော့လေယာဉ်နဲ့ကြဲမယ်။ ဒီကနေလူတွေပြန်ထွက်သွားအောင်၊ လက်ရှိတခြားမြို့မှာရှောင်နေတဲ့မြို့ခံတွေ လည်း ပြန်ဝင်မလာအောင် လုပ်နေတယ်လို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
MNDAA အနေဖြင့် အနောက်နိုင်ငံများ၏ဝင်စွက်ဖက်မှုအပါအဝင် NUG နှင့် စစ်ရေး၊ နိုင်ငံရေးတို့တွင် ပူးပေါင်းဆောင် ရွက်မည်မဟုတ်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီနှင့် နားလည်မှုရယူခြင်းမဟုတ်ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။
“လက်ရှိမှာတော့ လားရှိုးနဲ့ဆိုင်တဲ့ ဒေသတွေတော်တော်များများက စစ်တပ်နဲ့ MNDAA ကြားမှာ သူလိုချင်တယ်၊ ကိုယ်လိုချင်တဲ့ပုံမျိုးနဲ့ အငြင်းပွါးပြီး ဆက်ပြီးဖြစ်နေတဲ့သဘောမျိုး ပြောလို့ရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
_________
ပုံစာ- ယနေ့မနက်အစောပိုင်း လားရှို့မြို့ကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့သည့် မြင်ကွင်းများ။ ဓာတ်ပုံ- လားရှိုးမြို့ပြန်လည်ထူထောင်ရေးဖေ့စ်ဘွတ်ခ်စာမျက်နှာ
*****
Telegram- > https://t.me/ThanLwinKhetNews/5703
YouTube -> https://youtu.be/49EVlwVTVfs?si=75djbnNfvK-KkS0N
Website -> https://thanlwinkhet.net/?p=12314