သံလွင်ခက်
စက်တင်ဘာ ၂၀၊ ၂၀၂၄။
“အဲဒီနုန်းတွေရဲ့ အောက်မှာလူတွေရှိတယ်” လို့ အဝါရင့်ရောင် ရွံ့ညွန်ပြင်ကို လက်ညိုးထိုးရင် အသက်မဲ့ခန္ဓာတွေဟာ ရေစီးနဲ့အတူမျောပါလာပြီး နုန်းတွေအောက်ရောက်နေတဲ့အကြောင်းကို လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပြနေတာပါ။
အိမ်အလုံးလိုက်ရေစီးထဲမျောပါနေတဲ့ မြင်ကွင်းတွေ၊ အသက်ဘေးလွတ်မြောက်ဖို့အတွက် ရေပြင်ထဲက သစ်ကိုင်းတွေကို ဖက်တွယ်ရင်း ကူညီသူတွေကို စောင့်မျှော်သူတွေမြင်ကွင်း၊ တောင်ကျချောင်းရေကြောင့် ပင်လယ်ပြင်ကြီးလိုဖြစ်သွားတဲ့ လယ်ကွင်းတွေရဲ့မြင်ကွင်းဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တအတွင်း မြန်မာ့အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှာ နေရာယူခဲ့တာဖြစ်ပါတယ်။
ဒီလိုအခြေနေတွေဟာ မြန်မာနိုင်အလယ်ပိုင်းဒေသနဲ့ တောင်ပေါ်ဒေသတချို့မှာ မကြုံစဖူးကြုံခဲ့ရတဲ့ ရေကြီးနစ်မြှုပ်တာရဲ့သက်သေတွေပါ။
အခုစက်တင်ဘာပထမအပတ်က ဆိုင်လလုန်းမုန်တိုင်းယာဂီရဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ ရှမ်းရိုးမတောင်တန်း ကို ဖြတ်သန်းဝင်ရောက်လာပြီး မိုးအဖြစ်ရွာသွန်းခဲ့တာပါ။
အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျချောင်းရေတွေအပြင် ရုတ်တရက် မြင့်တက်လာတဲ့ရေကြီး ရေလျှံတာတွေနဲ့ နုန်းတွေဟာ လူ၊ နေအိမ်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်စားဝါးမြိုသွားခဲ့ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့အဆိုအရ နေပြည်တော်ကောင်စီနယ်မြေအပါ အဝင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်း ၉ ခုက မြို့နယ် ၅၉ မြို့နယ်မှာ လူဦးရေး ၆ သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရုတ်တရက် ရေကြီးတယ်ဆိုတာ ဘာလဲ။
***********
ရုတ်တရက်ရေကြီးတယ်ဆိုတာပြင်းထန်တဲ့ မုန်တိုင်းတွေ၊ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် ဖြစ်ပွားတာရှိသလို တာတမံတွေနဲ့ ဆည်တွေ ကျိုးတာကြောင့်လည်း ဖြစ်ပေါ်လေ့ရှိပါတယ်။
ရုတ်တရက်ရေကြီးလို့ဖြစ်ပေါ်လာတဲ့ ရေစီးကြောင်းတွေဟာ အရှိန်အဟုန်ပြင်းတာကြောင့် အဆောက်အဦးတွေ၊ လမ်းတံတားတွေနဲ့ ကားတွေစတဲ့ လေးလံတဲ့ ပစ္စည်းတွေကို တံမြက်စည်းလှည်းသလို တိုက်စားသွားနိုင်ပါတယ်။
ရေကြီးမှုအရှိန်ဟာ အရမ်းပြင်းထန်ပြီး အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဖြစ်ပေါ်လာတာကြောင့် ပျက်စီးဆုံးရှုံးမှုအန္တရာယ်ကို ပိုများစေပြီး လူတွေရဲ့အသက်၊ ပစ္စည်းဥစ္စာနဲ့ စီးပွားရေးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသဟာ နိုင်ငံရဲ့အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်က ဝင်ရောက်လာတဲ့ လေပွေလှိုင်းတွေ၊ မိုးတိမ်တွေနဲ့ မုန်တိုင်းအကြွင်းအကျန်တွေကြောင့် မိုးများတာ၊ မိုးကြီးတာတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
အဲလိုမိုးကြီးတဲ့အခါ တောင်ပတ်လည်ဝန်းရံနေတဲ့ အဲဒီဒေသမှာ ရုတ်တရက် တောင်ကျချောင်းရေစီးဆင်းတာတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
အဲဒီလို တောင်ကျချောင်းရေတွေနဲ့ မြစ်ရေမြင့်တက်လာတဲ့အခါ ရေစီးဆင်းနိုင်တာနည်းတဲ့အတွက် ရုတ်တရက်ရေ ကြီးရေလျှံမှုတွေဖြစ်ပေါ် လာတယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုကြပါတယ်။
ဘယ်နေရာတွေ ရေကြီးသွားလဲ
***************
အာရှတိုက်အတွင်းဖြစ်ပေါ်တဲ့ စူပါတိုင်ဖွန်းမုန်တိုင်းယာဂီဟာ ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ အဲဒီကတစ်ဆင့် ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို မုန်တိုင်းအကြွင်းအကျန်အဖြစ်နဲ့ ရောက်လာခဲ့တာပါ။
အဲဒီဖြစ်စဉ်တွေကြောင့် ရှမ်းပြည်နယ် ကလောမြို့ ၊ နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ် နဲ့ မန္တလေးတိုင်း ရမည်းသင်း မြို့နယ်မှာ လူအသေအပျောက်နဲ့ ပျက်ဆီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့ သတင်းမီဒီယာဖော်ပြချက်တွေအရ တွေ့ရပါတယ်။
ဖြစ်စဉ်အများစုဟာ တောင်ကျချောင်းရေကြောင့် ရုတ်တရက် ရေမြင့်တက်လာပြီး အရင်နှစ်တွေနဲ့မတူတဲ့ ပျက်စီးဆုံး ရှုံးမှုတွေကို ရင်ဆိုင်ခဲ့ကြရတာပါ။
ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄,၀၀၀ ကျော် မြင့်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှာလည်း တောင်ကျရေအလုံးအရင်းဝင်ရောက်လာတာကြောင့် လူပေါင်း (၁၀၀) ကျော်သေဆုံးပြီး ၂၀၀ ကျော်ပျောက်ဆုံးနေ တယ်လို့ BBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသက ကျေးရွာ ၄၀၀ ကျော်ရှိတဲ့ အထဲက ရွာပေါင်း ၁၇၀ ကျော် ရေဘေးသင့်နေတာပါ။
ဒါ့အပြင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ထဲက အိမ်ခြေ ၃၇၀ ကျော်ရှိတဲ့ သပြေပင်ကျေးရွာဟာလည်း ချောင်းရေ ၁၀ ပေခန့်မြင့်တက်လာတာကြောင့် ရွာရဲ့ ၃ ပုံ ၂ ပုံလောက် ပျက်စီးဆုံးရှုံးခဲ့ပြီး လူသေဆုံးတာတွေရှိခဲ့တယ်လို့ ကယ် ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။
ရေစီးနဲ့အတူ နေအိမ်ရော ဆိုင်ခန်းပါ ဆုံးရှုံးခဲ့ရတဲ့ဒေသခံ အသက် ၆၂ နှစ်အရွယ် ဦးမိုးဆွေကလည်း “ကျွန်တော်တို့က လည်း ရေကြီးလိမ့်မယ်လို့မထင်တော့ ကိုယ့်ဟာကိုပဲ ဆိုင်ထဲကပစ္စည်းတွေ သိမ်းရင်း ဆည်းရင်းပေါ့ဗျာ၊ နောက်ပိုင်းကျတော့မနိုင်တော့ဘူးဖြစ်သွားတာ။ ရေလုံးကြီးတွေရိုက်ပြီးတော့ အိမ်တွေရော ဆိုင်တွေပါကျွတ်တာ။ ကိုယ့်အသက်ကိုယ်ပဲ အလွတ်ရုံးရတော့တာပေါ့ဗျာ။ တစ်ချို့လည်း အသက်ဘေးက မလွတ်တဲ့သူလည်းရှိတယ်” လို့ ပြောပြပါတယ်။
အရင်တုန်းက ၁၂ ပေ အကျယ်သာ ရှိတဲ့ သူတို့ရွာနဘေးက ချောင်းလေးဟာ အခုဆိုရင် ပေ ၁၅၀ ဝန်းကျင်လောက်အထိကျယ်သွားပြီး ချောင်းကြီးသဖွယ် ဖြစ်နေပြီလို့ ဆိုပါတယ်။
မြန်မာနဲ့ ရေဘေး
**********
ရေကြီးရေလျှံမှုဟာ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။
၁၉၇၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၁၀၀ နဲ့အထက် ထိခိုက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေထဲ ထက်ဝက် ကျော်က ရေကြီးရေလျှံမှုဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ မြန်မာ့သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ်- MIMU ရဲ့ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနဲ့ သဘာဝဘေးအန္တာရယ်ဆန်းစစ်လေ့လာချက်စာတမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေထဲ ၂၀၁၅ ဇူလိုင်လမှာ ဖြစ်ခဲ့တဲ့ရေဘေးက အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီတစ်ကြိမ်ကတော့ အဲဒီထက်ပိုဆိုးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
၂၀၁၅ ရေဘေးတုန်း ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးနီးပါး ထိခိုက်ခဲ့ပြီး လူပေါင်း ၁၂၅ ဦး သေဆုံးခဲ့ကာ လူ ၁.၅ သန်း ကျော်နေရပ်စွန်ခွာခဲ့ရတယ်လို့ MIMU စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အခုတကြိမ်မှာတော့ မြန်မာနိုင်ငံရဲ့ မြို့နယ် ၅၆ ခုမှာ ရေဘေးသင့်သူ တစ်သိန်းခြောက်သောင်းကျော်ရှိပြီး ရေဘေး ကြောင့် သေဆုံးသူ ၂၂၆ ဦးရှိကာ ပျောက်ဆုံးနေသူ ၇၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရေဘေးကြောင့် လူနေအိမ် တစ်သိန်းကျော် ရေမြုပ်ခဲ့ရပြီး နေအိမ် ၂,၀၀၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ အပြင် စာသင်ကျောင်း ၁၀၀၀ ဝန်းကျင်အပါအဝင် ရုံးဌာနအဆောက်အဦ ၁၁၇ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၄၀၀ နီးပါးပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ တချို့ဒေသတွေမှာ မကောက်ယူနိုင်သေးတဲ့ အလောင်းတွေတောင်ရှိနေတာကြောင့် မြေ ပြင်စာရင်းတွေနဲ့ ကွာဟနိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
နေရာအနှံ့ဆိုသလို တပြိုင်တည်းဖြစ်ပေါ်တဲ့ ဒီလိုရေကြီးနစ်မြှုပ်တာတွေဟာ ကယ်ဆယ်ရေးသမားတွေအတွက် ပိုပြီး အခက်တွေ့စေတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် သွားလာရခက်ခဲတဲ့ နေရာတွေကို ကုန်းတတန် ရေတတန် ဖြတ်ကျော်ပြီး ရေဘေးသင့်ပြည်သူတွေဆီ အရောက်သွားနေရတယ်လို့ ပရဟိတကူညီသူတွေက ဆိုကြပါတယ်။
ရှိတဲ့အင်အားနဲ့ မြို့ရွာအနှံ့ကူညီနေရတဲ့အပြင် လူအင်အားမလုံလောက်တာ၊ ကျွမ်းကျင်ကယ်ဆယ်ရေးသမားမရှိတာ၊ ပစ္စည်းမလုံလောက်တာစတဲ့ အခြေနေတွေကို ကယ်ဆယ်ကူညီရေးလုပ်ငဆောင်နေသူတွေ ရင်ဆိုင်နေကြရတာပါ။
“အဓိကကတော့ ကယ်ဆယ်ရေးအင်အား ကယ်ဆယ်ရေးပစ္စည်းမလုံလောက်မှုပေါ့။ အခုလိုအများကြီးဖြစ်နေချိန်မှာ နိုင်ငံတော်အဆင့်အနေနဲ့ ကယ်ဆယ်ရေးလုပ်ရမှာဗျ။ အဲ့တာမျိုးလုပ်တာလည်း မတွေ့မိဘူး” ဟု ကယ်ဆယ်ရေးလုပ် ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
ရေကြီးနစ်မြှုပ်မှုသဘာဝဘေးကို နိုင်ငံတွင်းနှစ်စဉ်လိုလို ကြုံတွေ့နေရပေမယ့် နိုင်ငံတော်အဆင့် ကြိုတင်ပြင်ဆင်မှုနဲ့ ဖြစ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို အသိပညာပေးမှုအပိုင်းမှာတော့ အားနည်းနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
သဘာဝဘေးရင်ဆိုင်ရသူတွေကို ကူညီပေးရတဲ့စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းနဲ့ ကူညီကယ်ဆယ်ရေးဝန်ကြီးဌာန အတွက် အသုံးပြုငွေကို ပြီးခဲ့တဲ့နှစ်မှာ တစ်နိုင်ငံလုံးဘက်ဂျက်ရဲ့ ၀.၅၂ ရာခိုင်နှုန်းထားရှိရာကနေ အခုနှစ်မှာတော့ ၀.၄၁ ရာခိုင် နှုန်းသာ လျှော့ချအသုံးပြုထားပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီက သူတို့ အာဏာတည်မြဲရေးအတွက် အသုံးပြုနေတဲ့ စစ်အသုံးစရိတ်က တစ်နိုင်ငံလုံး ဘက်ဂျက်ရဲ့ ၂၈.၂၃ ရာခိုင်နှုန်းရှိနေတာကြောင့် အဆများစွာ ကွာခြားနေတာပါ။
ပြင်ဆင်မှုမရှိတဲ့ စစ်ကောင်စီ
*************
သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ ဦးမောင်မောင်ဦးကတော့ လက်တွေ့မှာတော့ သဘာဝဘေးနဲ့ပတ် သက်ပြီး အစိုးရအဆက်ဆက်က လက်တွေ့ကူညီကယ်ဆယ်မှု အပိုင်းမှာ အားနည်းချက်တွေနေရှိတယ်လို့ ဆိုပါတယ်။
“မုန်တိုင်းရှောင်ဖို့ ပရိတ်ရွတ်၊ ဂါထာရွတ်ရုံနဲ့ရတဲ့အနေထားမဟုတ်ဘူး။ နဖူးတွေ့ဒူးတွေ့ကြုံလာရင် ဘယ်လိုလျော့ပါး သက်သာအောင်လုပ်မလဲ။ ဘယ်လိုထိခိုက်သက်သာမှုဖြစ်အောင်လုပ်မလဲ။ ဘယ်လိုကြိုတင်ကာကွယ်မှုလုပ်မလဲ။ ဖြစ်လာမယ့်ဟာတွေကို ဖြေရှင်းချက်က ဒီ၂ခုပဲရှိတယ်။ အဲ့အချက်တွေပေါ်မူတည်ပြီး သေချာအဆင့်လိုက်လတာဝန်ရှိ သူရော၊ ပြည်သူရော ပူးပေါင်းရမှာရော အဆင့်လိုက်ဆောင်ရွက်ထားရှိဖို့လိုအပ်တယ်” လို့ ဆိုပါတယ်။
အရင်က ခါးလောက်သာ ရေမြင့်တက်ခဲ့တဲ့ ဒေသတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ပေ ၂၀ လောက် မြင့်တဲ့ ရေစီးနဲ့အတူ တစ်သက်တာ စုဆောင်းထားသမျှ ဆုံးရှုံးရတဲ့ ပြည်သူတွေဘဝကို ရောက်ရှိခဲ့ရတာပါ။
မြို့တွေဟာလည်း ရေပြန်ကျသွားပြီးနောက် ရွှံနွံတွေကြား မြို့ပျက်သဖွယ် ဖြစ်ကျန်ခဲ့ပါတယ်။
ဒီမြို့တွေထဲ အသက်ရှင်ကျန်ရစ်သူတွေအတွက်တော့ ပြန်လည်ထူထောင်ရေးအတွက် မတွေးနိူင်သေးဘဲ အသက်ရှင် သန်ရေးအတွက် အခြေခံစားစရာနဲ့ အိပ်စရာလုံခြုံတဲ့နေရာတွေရနိုင်ဖို့သာ မျှော်လင့်နေကြရတာဖြစ်ပါတယ်။