ကောင်းချစ်အောင်
စက်တင်ဘာ ၁၃၊ ၂၀၂၄။
ခေတ်အဆက်ဆက် မြန်မာစစ်တပ်စစ်ဗိုလ်ချုပ်တွေဟာ ပြည်မဒေသမှာ သူတို့ရဲ့စစ်အင်အားကို ထုထည် ကြီးမားစွာ အထိုင်ချထားပြီးတောင်တန်းဒေသတွေမှာ သက်ဆိုင်ရာလူမျိုးတွေအလိုက် ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တွေ အဖြစ် သူ့ရဲ့ဩဇာအာဏာကို တည်ဆောက်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ၁၉၆၄ ခုနှစ်မှာ တပ်မတော်ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်စန်းယုက ညီလာခံတစ်ခုမှာ တိုင်းပြည်မှာအရေးပေါ်အခြေတစ်ခုရင်ဆိုင်လာရရင် လူတန်းစားအားလုံးပါဝင်ဆင်နွှဲဖို့ အသင့်ရှိရမယ်လို့ ပြောကြားခဲ့ပါတယ်။
အဲချိန်ကစလို့ စစ်တပ်နဲ့ လူထုကျောချင်းကပ်၊ ရင်ချင်းအပ်ထားရမယ်လို့အတွေးအခေါ်နဲ့အတူ “ပြည်သူ့စစ်” ဆိုတဲ့ ဝေါဟာရပေါ်ပေါက်လာခဲ့ပါတယ်။
၂၀၁၀ ခုနှစ် မြန်မာစစ်တပ်ရဲ့ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူးရုံးရဲ့ အစီရင်ခံစာ တစ်ဆောင်အရ ပြည်သူ့စစ်အင်အား ၈၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ၃၀,၀၀၀ ကျော်ကို လက်နက်တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာဆိုရင်တော့ ပြည်သူ့စစ်အင်အားတွေ အဲဒီထက်ပိုပြီး များပြားလာနိုင်ခြေရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး မဘသကိုယ်တော်တွေဦးဆောင်ပြီး ပျူစောထီးလို့အမည်ရတဲ့ လက်နက် ကိုင်အဖွဲ့တစ်ခုပေါ် ပေါက်လာခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေကတော့ ပြည်သူ့စစ်လို့တရားဝင်ခေါင်းစဉ်တပ် ပြောကြားခဲ့တာမျိုးမရှိခဲ့ပေမယ့် စစ်သင်တန်းတွေ ပေးတာ၊ လက်နက်တွေတပ်ဆင်ပေးတာနဲ့ စစ်ကြောင်းထိုးတဲ့နေရာမှာ နယ်ခံလမ်းပြ အဖြစ်တာဝန်ယူပေးပြီး စစ်ကောင်စီတပ်သားတွေနဲ့အတူ လုပ်ဆောင်လေ့ရှိပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးပြကြီးတွေအပါအဝင် စစ်ကိုင်း၊ မကွေးတိုင်းတို့မှာ ပျူ စောထီးအဖွဲ့ဟာ လှုပ်ရှားနေတာဖြစ်ပါတယ်။
အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့အများစုဟာ စစ် ကောင်စီနဲ့ပူးပေါင်းပြီး အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။
အဲဒီထဲက အခြေအနေအမျိုးမျိုးကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကို လူသိရှင်ကြားဘက် ပြောင်းခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လက်ချိုးရေတွက်ရလောက်အောင် နည်းပါးပါတယ်။
ကြယ်ဖြူပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်နဲ့ စိန်ကျော့ပြည်သူစစ်အဖွဲ့တွေဟာ စစ်ကောင်စီပေးတဲ့ ငွေကြေး၊ အခွင့်အရေးစတဲ့ အကျိုးအမြတ်ရယူလိုမှု စွန့်လွှတ်ပြီး အာဏာရှင်ကို ကျောခိုင်းခဲ့ကြတာပါ။
စစ်ကောင်စီကို ပြန်တိုက်မယ့် ကြယ်ဖြူပြည်သူ့စစ်
******************
စစ်ကောင်စီကို ပြန်တော်လှန်တိုက်ခိုက်သွားတော့မယ်လို့ ပထမဆုံးလူသိရှင်ကြား ကြေညာခဲ့တဲ့အဖွဲ့ကတော့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ခေါ် ကြယ်ဖြူပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။
အခုနှစ် ဧပြီလပိုင်းအတွင်း စစ်ကောင်စီဟာ KNSO ဌာနချုပ်ရုံး အခြေပြုရာ ခဲမဖြူကျေးရွာအတွင်း လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ မော်ချီးဒေသခံတွေ နေထိုင်ရာကျေးရွာတွေအတွင်း ရှော့တိုက်ဒုံးတွေပစ်ခတ်တာတွေပြုလုပ်ခဲ့တာတွေဟာ ငြိမ်းချမ်းရေးကိုဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။
အဲဒါကြောင့် KNSO အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ကရင်နီပြည်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ပါဝင်တော်လှန်သွားမယ်လို့ ဆိုခဲ့ပါတယ်။
ဖားဆောင်းမြို့နယ် မော်ချီးဒေသ အခြေစိုက်တဲ့ KNSO ဟာ ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာ မြန်မာစစ်တပ်၊ စစ်အစိုးရတို့နဲ့ အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့ပြီး ၅ နှစ်အကြာမှာ ကြယ်ဖြူပြည်သူ့စစ်အဖြစ်အသွင် ကူးပြောင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိနေပါတယ်။
မူးယစ်ဆေး နာမည်ပျက်နဲ့ ကောင်းခါးပြည်သူ့စစ်
**********************
အင်အားကြီးလက်နက်ကိုင်တွေထဲက တစ်ခုဖြစ်တဲ့ကောင်းခါးပြည်သူ့စစ်ဟာ အခုနှစ်အစပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဆီ ဘက်ပြောင်းခိုလှုံသွားခဲ့ပါတယ်။
ကောင်းခါးပြည်သူ့စစ်ဟာ အရင်က KIA တပ်မဟာ ၄ တပ်ဖွဲ့ဝင်တွေဖြစ်ခဲ့ပြီး ၁၉၉၁ မှာ ခွဲထွက်ကာ နဝတစစ်အစိုးရနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ စစ်အစိုးရဟာ သူတို့ကို ကချင်တိုင်းရင်းသားများတိုးတက်ရေး နှင့် လုံခြုံရေးတပ် (KDA) အဖြစ်သတ်မှတ်လိုက်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၅) အဖြစ် အမည်ပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ်ထည့်သွင်းလိုက်ပြီး ကောင်းခါးပြည်သူ့စစ် (ဌာနေ)လို့ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့စစ်အဖြစ်နေခဲ့ချိန်ကာလတွေမှာ အမြဲတမ်းနဲ့အရံ စုစုပေါင်းအင်အား ၃,၀၀၀ နီးပါးအထိ တောင့်တင်းခဲ့ပေမယ့် ၂၀၂၀ အထိပဲ ဖြစ်ခဲ့ပါတယ်။
အာရက္ခတပ်တော်- AA နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတယ်လို့ စွပ်စွဲချက်နဲ့ ၂၀၂၀မှာ မြန်မာစစ်တပ်က ကောင်းခါးပြည်သူ့စစ်ကို ၃ လ ကြာစစ်ဆင်ရေး လုပ်ဆောင်ခဲ့ပါတယ်။
စစ်ဆင်ရေးတွေ အပြီးမှာတော့ ကောင်းခါးပြည်သူ့စစ်က လက်နက်တွေအပ်နှံတာကို မတ်လ ၂၄ ရက် ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီလ ၁ ရက်နေ့တွေမှာ လက်နက်မျိုးစုံ ၄၈ လက် ထပ်မံအပ်နှံခဲ့ပြီး လက်နက်ပေါင်း ၂,၀၀၀ နီးပါး အပ်နှံခဲ့ရပါတယ်။
အင်အားလျော့နည်းသွားပေမယ့် အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် ဆက်ရှိနေခဲ့ပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းကာလ ဇန်နဝါရီလအတွင်းမှာပဲ KIA နဲ့ ပြန်လည်ပူးပေါင်းသွားခဲ့တာ ဖြစ်ပါတယ်။
တစ်နှစ်အကြာမှာ စစ်ကောင်စီနဲ့ လမ်းခွဲခဲ့တဲ့ စိန်ကျော့ပြည်သူစစ်
*************************
၁၄ နှစ်အကြာ မြန်မာစစ်တပ်နဲ့အတူရပ်တည်ခဲ့တဲ့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့ဟာလည်း မိခင်အဖွဲ့အစည်း ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဆီ ပြန်လည်ပူးပေါင်းလာခဲ့ပြီ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်ကာလတွေမှာ စစ်ဗိုလ်ချုပ်တွေက အပစ်ရပ်ထားတဲ့တိုင်းရင်းသားတပ်တွေကို နယ်ခြား စောင့်တပ်အဖြစ် ဖွဲ့စည်းဖို့ကမ်းလှမ်းခဲ့ပြီး ရှမ်းပြည်တပ်မတော် SSA တပ်မဟာ ၁ ဟာ ငြင်းဆန်ခဲ့ကာ SSPP လက်နက်ကိုင်တပ်အဖြစ် ပြောင်းလဲရပ်တည်ခဲ့ပါတယ်။
မိုင်းခေးမြို့နယ်မှာ လှုပ်ရှားနေတဲ့တပ်မဟာ ၃ ကတော့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး စိန်ကျော့ပြည် သူ့စစ်အဖြစ်ရပ်တည်ခဲ့တာ အခုနှစ် စက်တင်ဘာလအထိ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၀ ရက်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရှမ်းပြည် မြောက်ပိုင်းကို သွားကာ ပြည်သူ့စစ်အဖွဲ့ ခုနစ်ဖွဲ့နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူ့ကို ဆက်လက်သစ္စာခံဖို့ စည်းရုံးရေးဆင်းခဲ့တာဖြစ်ပါတယ်။
ခေါ်ယူတွေ့ဆုံခဲ့သူတွေအထဲ စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင် လွယ်မောင်လည်းပါဝင်ခဲ့ပြီး နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် အိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ကျော်မြင့်၊ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် စိုင်းမွန်း၊ စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင်လွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် စိုင်းမွန်းနဲ့ ထင်ပါကျိုင်းပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်လွင်တို့လည်း ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်မှာတော့ ရာနဲ့ချီတဲ့ စိန်ကျော့ပြည်သူ့တပ်ဖွဲ့ဝင်တွေဟာ SSPP ဌာနချုပ်ရှိ ရာ ဝမ်ဟိုင်းကိုရောက်လာပြီး ပြန်လည်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ ပြန်လည်ပူးပေါင်းတဲ့ အခမ်း အနားကို SSPP ဥက္ကဋ္ဌကိုယ်တိုင်ကြိုဆိုခဲ့ပြီး လက်အောက်ခံအဖြစ် ပြန်လည်လက်ခံခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ဩဇာကျဆင်းလာခဲ့ကာ မင်း အောင်လှိုင်နဲ့တွေ့ဆုံအပြီး တစ်နှစ်အကြာမှာတော့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီကိုကျော ခိုင်းခဲ့တာဖြစ်ပါတယ်။