
နန်းဆုပန်ခန့်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ အောက်တိုဘာ ၂၆ တွင် သိမ်းပိုက်နိုင်ခဲ့ပြီး jampar စက် နှစ် လုံးနှင့် အတူ လက်နက် ၂၁ လက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၃၀ ရက်တွင် အထူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။
မောင်းမကန်ရဲစခန်းတိုက်ခိုက်မှုအတွင်း ရရှိသည့် လက်နက်ခဲယမ်းများမှာ Uzi အမျိုးအစား သေနတ် ခြောက် လက်၊ G3 အမျိုးအစား သေနတ် ခုနှစ် လက်၊ Shot Gun/Smoke gun နှစ် လက်၊ ကွန်မန်ဒိုစိန်ပြောင်း နှစ် လက်၊ ခြောက်လုံးပြူး လေး လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊ jampar စက် နှစ် လုံး နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
၄င်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကာ ကျန်သည့် တပ်ဖွဲ့ဝင်များလည်း စခန်းစွန့်ခွာထွက်ပြေးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မောင်းမကန်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များသည် အောက်တိုဘာ ၂၆ ရက် နံနက် ၅ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ပြီး ၉ နာရီခွဲတွင် တွင် အောင်မြင်စွာ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကာ ပူးပေါင်းတပ်ဘက်မှ တော်လှန်ရေးရဲဘော် (၁) ဦး ကျဆုံးခဲ့ပါသည်။
အဆိုပါမောင်းမကန်ရဲစခန်းတွင် ပြည်သူ့စစ်အပါအဝင် အင်အား ၆၀ ခန့်ရှိပြီး လက်ရှိအချိန်ထိ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိသည်ဟု အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို ခေါ် ကိုဘိတ် ကဆိုသည်။
၎င်းက ” ဒေသခံတွေကိုကြတော့ လမ်းမှာ သူတို့တွေက ဂိတ်တွေချပြီးပြန်စစ်တာပေါ့နော်။ ရဲစခန်းနားမှာ တော့မဟုတ်ဘူး။ ရဲစခန်းနဲ့လှမ်းတဲ့ နေရာပေါ့နော်။ အခုလည်း ရေတပ်ကနေပြီးတော့ မထင်ရင်မထင်သလို ရွာထဲကိုလက်နက်ကြီးတွေပစ်တာရှိတယ်။ ဟောင်ဝှစ်ဇာအကြီးစားလိုမျိုးပေါ့နော် အဲ့ဒါနဲ့ပစ်တယ်။ဟု ” ဆိုသည်။
ယခု သိမ်းပိုက်ထားသည့်ရဲစခန်းနှင့် ဆိုင်ကယ်ဖြင့် သွားပါက ၁၅ မိနစ်သာ ဝေးကွာသည့် နေရာတွင် စစ်ကောင်စီ တပ်ရင်းရှိသည်ဟုလည်း သိရသည်။
အဆိုပါစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများဖြစ်သော ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ်တပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။
ပုံစာ – မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲအတွင်းရရှိသည့် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ
#မောင်းမကန်ရဲစခန်း #တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ #သိမ်းပိုက် #ThanLwinKhetNews
 
									 
					