သံလွင်ခက်
စက်တင်ဘာ ၁၃၊ ၂၀၂၄။
ရေဘေးကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ငလျင်ဘေးပါကြုံတွေ့ရနိုင်ချေရှိတယ်ဆိုတဲ့သတင်းမှားဟာ အခုရက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ “မြေငလျင်သတင်းများစင်တာ” ဆိုသည့် ဖေ့စ်ဘွတ်စာမျက်နှာက ‘သတိပြုကမ္ဘာ့ပြတ်ရွေ့ ဒေသများတစ်နေရာ အားပြင်းမြေငလျင်လှုပ်ရှားနိုင်ခြေ ၁၃-၁၄/၉/၂၀၂၄ ရက်ဝန်းကျင် အထူးသတိပြု’ ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
ဒီရေးသားချက်ကို ဆိုရှယ်မီဒီယာအသုံးပြုသူ ၅,၀၀၀ ကျော်က ကြိုက်နှစ်သက်ခဲ့ပြီး ၇,၀၀၀ ကျော်က မျှဝေခဲ့တာ တွေ့ရပါတယ်။
အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် လျှပ်တပြတ်ရေကြီးရေလျှံကြုံတွေ့နေရတဲ့ နေပြည်တော်၊ မန္တလေး၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်နီပြည်ဒေသတချို့တွင် လူသေဆုံးတာတွေရှိနေချိန်မှာ အခုလို သတင်းမှားချိန်သားကိုက်ပေါ်လာတာဖြစ်ပါတယ်။
ဘူမိဗေဒပညာရှင် ဦးစိုးရသူထွန်းက ငလျင်ကို ခန့်မှန်းတိုင်းတာတဲ့အခါ လှုပ်ခတ်နိုင်တဲ့ ပြင်းအားပမာဏကို ယေဘုယျ ခန့်မှန်းနိုင်ပေမယ့် အချိန်အတိကို မခန့်မှန်းနိုင်ဘူးလို့ သံလွင်ခက်ကို ရှင်းပြပါတယ်။
ဒါကြောင့် “မြေငလျင်သတင်းများစင်တာ” ရဲ့ရေးသားချက်ဟာ ကောလာဟလတစ်ခုသာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကမ္ဘာပြတ်ရွှေ့ဒေသများတစ်နေရာ အားပြင်းမြေငလျင်လှုပ်ရှားနိုင်ခြေ ၁၃၊ ၁၄ရက်ဝန်းကျင် အထူးသတိပြု၊ ငလျင်လှုပ်နိုင်တယ်ဆိုတဲ့စကားက ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကောလာဟလလို့ ထင်ပါတယ်။ ဖြစ်နိုင်ချေမရှိပါဘူး” လို့ သူက ထောက်ပြထားပါတယ်။
ဒီဖေစ့်ဘွတ်ခ်စာမျက်နှာကို သံလွင်ခက်က စီစစ်ကြည့်တဲ့အခါ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၄ ရက် မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ “မြေငလျင်သတင်းစုံ”၊ နိုဝင်ဘာ ၁၄ ရက်မှာ “မြေငလျင်သတင်းများ” နဲ့ ၂၀၂၀ ခုနှစ် မတ် ၁၅ ရက်မှာ “မြေငလျင်သတင်း များစင်တာ” ဆိုပြီး ပြောင်းလဲထားတာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ငလျင်လှုပ်မယ်ဆိုတဲ့အချိန်ခန့်မှန်းချက်တွေကို ပြီးခဲ့တဲ့ သြဂုတ် တစ်လအတွင်းမှာ ၇ ကြိမ်ခန့် ရေးသားထားတာတွေ့ရပါတယ်။
လက်ရှိ အဲဒီစာမျက်နှာကို ကြိုက်နှစ်သက်သူ ၂၃၀,၀၀၀ ကျော်ရှိပြီး ဖော်လိုဝါ ၃၀၃,၀၀၀ ကျော်ရှိပါတယ်။
အဲဒီ ဖေစ့်ဘွတ်ခ်စာမျက်နှာရဲ့ဆောင်ပုဒ်က “မြေငလျင်ဆိုင်ရာ သတိပေးဟောကိန်းများ။ သဘာဝတရားထက် ခြေတစ်လှမ်းသာအောင် လုပ်ဆောင်ရမည်” လို့ ရေးထားပါတယ်။
ဦးစိုးရသူထွန်းကတော့ “ငလျင်ဆိုတာ လှုပ်ချင်တဲ့အချိန်မှာ လှုပ်ပါတယ်၊ မြေလွှာအောက်က အပ်ကြောင်းတွေရဲ့လှုပ်ရှားမှုကို အမြဲတမ်းသိမနေနိုင်ဘူး။ လတ်တလောမှာ ဒီလိုမျိုး ဘယ်နေ့လှုပ်မလဲဆိုတာကို ဘယ်သူမှမပြောနိုင်တဲ့အတွက်ကြောင့် ဒါနဲ့ပတ်သတ်ပြီး ပညာရှင်တစ်ဦးဦးကပြောရင်တောင် ယုံကြည်ချင်စရာအကြောင်းမရှိပါဘူး” လို့ ပြောပါတယ်။