ရဲသူ
စက်တင်ဘာ ၁၀၊ ၂၀၂၄။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” တွန်းလှန်ကြဖို့အတွက် တစ်နိုင်ငံလုံးခုခံတော်လှန်စစ်စတင်ဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ၃ နှစ်ဝန်းကျင်ဖြစ်နေပါပြီ။
ဒီသုံးနှစ်ကာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ပေါင်း ၃၀၀ ရှိလာပြီး တပ်သားပေါင်း ၆၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ အရှေ့ ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်းစတဲ့ ဒေသဆိုင်ရာစစ်ဌာနချုပ် ၅ ခုဖွင့်လှစ်ထားပြီး စစ်ဆင်ရေးတွေဖော်ဆောင်နေတယ်လို့ NUG ရဲ့ သုံးနှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ သုံးနှစ်တာကာလအတွင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်း စုဖွဲ့ပြင်ဆင်တိုက်ပွဲဝင်ခဲ့တာပါ။ လက်ရှိအချိန်မှာ ဗျူဟာမြောက်ထိုးစစ်တွေကို စတင်ဖော်ဆောင်လာနိုင်ပြီလို့ NUG က ဆိုထားပါတယ်။
ခုခံ စစ်သုံးနှစ်ထဲဝင်လာချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတွေ၊ ဗျူဟာစခန်းတွေအပြင် မြို့တွေကိုပါ တိုက်ခိုက်သိမ်းပိုက်နေတာပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးမောင်မောင်ဆွေက “အခုအချိန်မှာတော့ မဟာဗျူဟာထိုးစစ်ကာလမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေကို တစ်နိုင်ငံလုံးအနှံ့မှာ ဆင်နွဲနေသလို ဆက်ပြီးတော့ ဆင်နွဲသွားဖို့လည်းရှိပါတယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ မြို့တွေကိုလည်း ကာကွယ်ရေးတပ်တွေအနေနဲ့ တိုက်ခိုက်သိမ်းပိုက်ပြီး အောင်အောင်မြင်မြင်နဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေကို စတင်နိုင်နေပြီဖြစ်ပါတယ်’’ လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ မြန်မာတစ်နိုင်ငံလုံးမှာစစ်ကောင်စီလက်လွတ်လိုက်ရတဲ့ မြို့ပေါင်း ၇၈ မြို့ရှိလာပြီလို့ BNI- Myanmar Peace Monitor အဖွဲ့က အခုစက်တင်ဘာ ၄ ရက်က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတစ်ဝမ်းလုံးမှာ စစ်ဘောင်ကျယ်လာခဲ့ပြီး သုံးနှစ်အတွင်း နိုင်ငံအနှံ့မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာတိုက်ပွဲပေါင်း ၁၄,၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေကို အခုလိုမျိုးထိုးစစ်ဆင်ပြီး တိုက်ခိုက်နိုင်ခဲ့တဲ့နောက်ထပ်အဓိက အကြောင်းအရင်းတစ်ခုက ပြည်သူလူထုရဲ့ထောက်ခံမှုပါ။
ဒါ့အပြင် ပြည်သူတွေဟာ သုံးနှစ်ခွဲကျော်စလုံး တတ်နိုင်တဲ့ဖက်ကနေ ငွေကြေး၊ ရိက္ခာနဲ့ တခြားဆက်စပ် အကူအညီတွေကို ထောက်ပံ့ပြီး တွန်းလှန်စစ်အပေါ် သူတို့ရဲ့ထောက်ခံမှုကို သက်သေပြခဲ့တာပါ။
အဲဒီလို ထောက်ခံမှုတွေရှိနေပေမယ့် တဖက်မှာလဲ NUG အနေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေတွေက ပိုပြီးတိုးတက်လာဖို့ လိုအပ်နေတာပါ။
NUG အုပ်ချုပ်နေတဲ့ မြို့နယ်လက်တဆုပ်စာမှာ ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့၊ ဒေသကာကွယ်ရေးအဖွဲ့ LPDF နဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကြားဖြစ်ပွားနေတဲ့ နယ်မြေစိုးမိုးမှုပြသနာ၊ အခွန်အခကောက်ယူမှုတွေနဲ့ ဒေသခံတွေရဲ့ အသံ လျစ်လျူရှု့နေတာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ လိုအပ်တာတွေကတော့ ရှိနေပါတယ်။
အထူးသဖြင့် D Day ကြေညာချက်ဟာ တိုင်းရင်းသားတွေနဲ့ချိတ်ဆက်ညှိနှိုင်ပြီး လုပ်ဆောင်တာလား၊ ဒါမှမဟုတ် အနိုင်ရချင်ဇော (အစိုးရဖြစ်ချင်ဇော) နဲ့ပြောဆိုလိုက်တာလားဆိုတဲ့ မေးခွန်းတွေက ရှိနေသေးတယ်လို့ နိုင်ငံရေးလေ့ လာသုံးသပ်သူတွေက ဆိုပါတယ်။
အာဏာသိမ်းကာလ သုံးနှစ်ခွဲကျော်လာချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်း တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၇၀ နီးပါးထဲမှာ NUG– PDF တပ်ဖွဲ့တွေက ခမ်းပတ်၊ မြို့သစ်၊ စဥ်ကူး၊ တကောင်း၊ သပိတ်ကျင်းစတဲ့ မြို့ ၅ မြို့ကို သိမ်းပိုက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ကနီ၊ ကောလင်းနဲ့ ဒီပဲယင်းမြို့တွေကိုတော့ NUG –PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိမြို့ပေါင်း ၇၀ ကျော်အထိ သိမ်းပိုက်ထားတဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီ နောင်သုံးဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ ကွာခြားနေတာဖြစ်ပါတယ်။
“၁၀၂၇ ဆိုရင် သူတို့ရဲ့ ညှိနှိုင်းမှုချိတ်ဆက်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကို သေချာစီစဥ်ပြီးမှ လုပ်ကြတယ်။ အဲဟာ ရဲ့အကျိုးရလဒ်ကလဲ ကွာတယ်ဆိုတာကို တွေ့ရတယ်။ အခု D Day ခေါ်လိုက်တာ သုံးနှစ်ရှိပြီ အဲဒီသုံးနှစ်အတွင်းမှာ အဲလိုမျိုး ရလဒ်ကောင်းတွေအများကြီးမတွေ့ရဘူး” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။
လက်ရှိအခြေအနေမှာ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပဲခူးရိုးမစစ်ဆင်ရေး၊ စစ်တောင်း မြစ်ဝှမ်းစစ်ဆင်ရေးတွေကို စတင်သလို တပြိုင်တည်းမှာပဲ မန်း-PDF အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းက ပြည်သူ့ ကာကွယ်ရေးတပ်တွေဟာလည်း စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းအလွန်အကျွံသုံး တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
အခု စက်တင်ဘာ ၆ ရက် တစ်နေ့တည်းမှာပဲ စစ်ကောင်စီဟာ နမ့်ခမ်းမြို့အပါအဝင် နောင်ချို၊ မင်းတပ်၊ မြိုင်မြို့နယ် လက်ယက်မကျေးရွာ ၊ ဖယ်ခုံမြို့နယ် လအိစစ်ရှောင်စခန်းတို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က မောင်တောနဲ့ ပေါက်တောမြို့နယ်မှာ အခုလ ၈ ရက်နဲ့ ၉ ရက်အတွင်းမှာ အကျဉ်းသားတွေအပါအဝင် လူ ၇၀ နီးပါးဟာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
အခုလို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အခြေအနေမျိုးမှာ ပြည်သူလူထု အကျိုးစီးပွားကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေ ပိုလိုအပ်တယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။
“အစိုးရဖြစ်ချင်ဇော နည်းနည်းလျှော့ဖိုလိုတယ်။ အစိုးရဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ ပြည်သူရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆို တာကို လက်ခံဖို့လိုတယ်။ ပြည်သူလူထုကို ဘယ်လိုမျိုးအကာအကွယ် အကောင်းဆုံးပေးနိုင်မလဲဆိုတဲ့ အခြေပြုက နေ စဥ်းစားပြီးတော့ လူထုလိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်အောင် သူတို့နဲ့ မျှချေကိုက်တဲ့ တိုးတက်မှုအောင်မြင်မှုတွေကို တည်ဆောက်နိုင်အောင် ကြိုးစားပေးရမယ်” လို့ သူက ဆိုပါတယ်။
နိုင်ငံတဝှမ်း စစ်ဘောင်ကျယ်လာချိန်မှာ ထိခိုက်ခံစားရဆုံးက မြေပြင်မှာရှိတဲ့ ပြည်သူလူထုက အဓိကဆိုတာက ထိခိုက် အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေက သက်သေထူလို့နေပါတယ်။
တိုးတက်မှုရှိလာတဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် စိတ်အားတက်လာရင်းက တစ်ဖက်မှာ လုံခြုံမှုမရှိတဲ့အန္တရာယ်တွေကို ထပ်တိုးရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက်တော့ တော်လှန်ရေးအဆုံးသတ်မယ့်နေ့ရက်တွေကိုသာ မှန်းဆရေတွက်လို့ နေရပါတယ်။
တစ်ဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG အစိုးရကြား ဖော်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လိုပုံစံနဲ့ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတဲ့ ဘုံသဘောတူညီမျိုးမရှိသေးတာကြောင့် တော်လှန်ရေး အပြီးသတ်နိုင်ဖို့ဆိုတဲ့ ပန်းတိုင်ကတော့ ဝေဝါးနေဆဲပါ။