ထွယ်
စက်တင်ဘာ ၁၁၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်မှာ ၂ ရက်ဆက်ရှိနေပြီဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က အင်းမြိုတော်မြို့နှင့် ၇ မိုင်ခန့်အကွာရှိ ကြာအင်းကျေးရွာကို စစ်ကောင်စီက စတင်မီးရှို့ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက အင်းတော်မြို့အနီးကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မနေ့ကတော့ အင်းတော်နားက ရွာကိုရှို့ပြီး ဒီနေ့ကတော့ မြို့ထဲ၊ သူတို့တပ်စွဲထားတဲ့နားကို ရှို့နေကြတာ၊ မီးက ရှို့ရင်ပြန့်တော့ မြို့ထဲထိလောင်နေတာ” ဟု ၎င်းက ယမန့်နေ့က သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်က စစ်ကောင်စီ၏နဘားတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် အင်းတော်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ကလည်း ၎င်းတို့တပ် လက်မလွှတ်ရရေးအတွက် လေကြောင်းဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် – PDF တို့အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ်တပ်ဦး- ABSDF တပ်ဖွဲ့ဝင်များလည်းပါဝင်သည်ဟု သိရသည်။