သဇင်
စက်တင်ဘာလ ၁၀၊ ၂၀၂၄။
ပဲခူးတိုင်း၊ လက်ပတန်းမြို့နယ် ရေငံကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် အနီးဝန်းကျင်ရှိကျေးရွာပေါင်း ၁၀ ရွာကို စစ် ကောင်စီက အမဲရောင်နယ်မြေအဖြစ်သတ်မှတ်ပြီး လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်ဝန်းကျင်မှစပြီး စစ်ကောင်စီမှ ရေငံကျေးရွာအပါအဝင် တောင်ပေါ်၊ စီတုန်း၊ သရက် တော၊ တောင်တန်းမြိုင်၊ ငှက်ပျောတုန်း၊ ညောင်ပင်ဇင်း၊ အုတ်ဖိုစုရွာနှင့် ထန်းပင်ချောင်ရွာများအနီးကို သွားလာသမျှကို ပစ်မိန့်ပေးထားသည်ဟု လက်ပတန်း ပ.က.ဖ တာဝန်ခံက ဆိုသည်။
“မနေ့ညက တက်လာတဲ့အဖွဲ့က အဲ့ဒေသမှာရှိတဲ့ လာသမျှပစ်သတ်မယ်ဆိုပြီးပြောထားတယ်။ ခုဆိုရင် အဲ့ဒီစစ်ကြောင်း က တော်လှန်ရေးရဲဘော်တွေကို တိုက်ခိုက်မှုမလုပ်ပဲနဲ့ စစ်ရှောင်တွေကို လိုက်ပြီးရှာနေတယ်။ ရွာထဲမှာသက်ကြီးရွယ် အိုနဲ့ ဒုက္ခိတလင်မယားပဲကျန်ခဲ့တယ်။ ကျန်တဲ့လူငယ်လူရွယ်တွေ အကုန်လုံးထွက်ပြေးတိမ်းရှောင်ပြီး ပုန်းနေကြရ တယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ရေငံကျေးရွာအုပ်စုအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူပိုင်လယ်ယာမြေများကို စစ်ကောင်စီနှင့်လက် အောက်ခံ ပျူစောထီးများက ဒေသခံများအား ရိတ်သိမ်းခွင့်မပေးဘဲ ၎င်းတို့ကိုယ်တိုင် ရိတ်သိမ်းရန်ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
“လယ်သမားတွေကို လုံးလုံးမရိတ်ခိုင်းဘူး။ သူတို့ကိုယ်တိုင် ရိတ်မို့ ပုံစံမျိုးလုပ်နေတယ် လောလောဆယ်။ မနေ့က လည်း လယ်သမားတစ်ယောက်က စပါးရိတ်ဖို့သွားတာအရိတ်မခံဘူး။ လောလောဆယ် ရွာတွေတောင်မှ အဝင်အ ထွက်အသွားအလာမလုပ်ခိုင်းဘူး။ တွေ့တာနဲ့ ဖမ်းထားတာတို့ ပစ်သတ်မယ်တို့ဘာတို့ အဲ့လိုခြိမ်းခြောက်တယ်” ဟု ရေငံဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယခုနှစ် နှစ်စပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရိုးမတောင်အတက်လမ်းကို ပိတ်ဆို့အထိုင်ချတပ်စွဲထား ပြီး ရေငံနှင့်အုတ်ဖိုကျေးရွာများကို စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်သြဂုတ်လ ၂၇ ရက်တွင် ဖြစ်ပွားခဲ့သည့် တောင်တန်းမြိုင်ရွာတိုက်ပွဲအပြီးတွင် ရေငံရွာနှင့် အုတ်ဖိုကျေးရွာရှိ နေအိမ် ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် စစ်ကောင်စီနှင့် ပျူစောထီးများက ရေငံကျေးရွာတွင် တပ်စွဲထားပြီး ရွာအဝင်အထွက်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ပုံစာ – မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာရှိ နေအိမ်တချို့ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်း။ ဓာတ်ပုံ- သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂။