ဘုန်းမောင်
စက်တင်ဘာ ၂၊ ၂၀၂၄။
တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၁၇၀ ကျော်ရှိပြီး ယင်းအနက်က လေးပုံတစ်ပုံမှာ အသက် ၁၅- ၂၉ နှစ်ကြားအရွယ်ရှိလူငယ်များဖြစ်ကြသည်။ နိုင်ငံ့လူဦးရေ၏ ၄၅ ဒဿမ ၉ သန်းမှာ လူငယ်များဖြစ်ကြသည်ဟု မကြာသေးခင်ကထုတ်ပြန်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စာရင်းအင်း ဗျူရိုဌာန၏ အချက်အလက်များအရသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့အသင့်ဝတ်အဝတ်အထည်ထုတ်လုပ်ရေးလုပ်ငန်းတွင် ထိပ်တန်းကရပ်တည် နေပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ အဝတ်အထည်များအား ကမ္ဘာ့ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။
အဆိုပါလုပ်ငန်းက လူ ၄ သန်းကျော်ကိုအလုပ်ပေးထားနိုင်ပြီး အများစုကအမျိုးသမီးများဖြစ်ကြသည်။ ဘင်္ဂ လားဒေ့ရှ်လူငယ်မျိုးဆက်အတွက်တော့ စက်ရုံလုပ်ငန်းများကလုံလောက်မှုမရှိခဲ့ပါ။
ပြီးခဲ့သောဇွန်လမှာတော့ ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်က အစိုးရအလုပ်ခွဲတမ်းသတ်မှတ်ရန်ဆုံးဖြတ်ချက်ချ မှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်အပေါ် ကျောင်းသားများကမကျေနပ်ခဲ့ကြသည့်အတွက် ဆန္ဒပြပွဲများပေါ် ပေါက်လာခဲ့သည်။ အငြင်းပွားဖွယ်ရာကောင်းသည့် အစိုးရ၏အလုပ်ခွဲတမ်းစနစ်ကို ကျောင်းသားများက မ ကျေနပ်ကြသဖြင့် ဆန္ဒပြခဲ့ကြသည်ဆိုသော်လည်း နိုင်ငံတွင်းစီးပွားရေးကြပ်တည်းလာမှု၊ ငွေကြေးဖောင်းပွ မှုနှုန်း မြင့်တက်လာမှု၊ အလုပ်လက်မဲ့နှုန်းများပြားလာမှု၊ နိုင်ငံခြားအရန်ငွေလျော့နည်းလာမှု စသည့်ကိစ္စ များသည်လည်း ကျောင်းသားများဆန္ဒပြရခြင်းအကြောင်းများထဲပါဝင်နေသည်ဟု လေ့လာသူများကသုံး သပ်ထားကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်ထံကလွတ်လပ်ရေးရရှိခဲ့ပြီး ထိုသို့ နိုင်ငံလွတ်လပ် ရေး ရရှိအောင် တိုက်ပွဲဝင်ပေးခဲ့ကြသည့် စစ်ပြန်များ၏ဆွေမျိုးများအား အစိုးရအလုပ်သုံးပုံတစ်ပုံတွင် ခန့်အပ် ထားရှိမည်ဆိုသောမူဝါဒချမှတ်ခဲ့လေသည်။
အစိုးရအလုပ်များခေါ်ယူရာတွင် ထိုသို့သော ကိုတာစနစ် (Quota System) ကျင့်သုံးသည့်အပေါ် ထောင် ပေါင်းများစွာသောကျောင်းသားများကမကျေနပ်သဖြင့် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်လာခဲ့တော့သည်။
(ကိုတာစနစ်၏သဘောတရားများက အသစ်အဆန်းမဟုတ်သော်လည်း လက်တွေ့ကျင့်သုံးရာမှာတော့ သက်ဆိုင်ရာနိုင်ငံ၏ လူမှုရေး၊ ယဥ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာနောက်ခံအကြောင်းတရားများပေါ်မူတည် ကာ ကျင့်သုံးမှုပုံစံလည်းကွာခြားမှုရှိပါသည်)
ကျောင်းသားများသည် တက္ကသိုလ်ကျောင်းဝန်းများအတွင်း ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ကြပါသော်လည်း ရဲ တပ်ဖွဲ့ဝင်များနှင့် အာဏာရအဝါမီလိခ်ပါတီ၏အကြမ်းဖက်မှုများကြောင့် ဆန္ဒပြပွဲက တမုဟုတ်ချင်းပင် ကြီး ထွားလာခဲ့သည်။
ထို့နောက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅ နှစ်ကြာအုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်ရှိတ်ဟာဆီနာသည်လည်း ရဟတ်ယာဥ်ဖြင့် နိုင်ငံတွင်းကထွက်ပြေးခဲ့ရတော့သည်။ (သူမသည် လက်ရှိတွင် အိန္ဒိယနိုင်ငံတွင် နေထိုင်နေ သည်ဟု သတင်းများတွင်ဖော်ပြသည်) သူမထွက်ပြေးပြီးနောက်မှာတော့ ပြင်သစ်နိုင်ငံတွင်နေ ထိုင်လျက်ရှိ နေသော အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာယူနွတ်စ်က ကြားဖြတ် အစိုးရအကြီးအကဲအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဦးဆောင်ရန် ကျောင်းသားများက တောင်းဆိုခဲ့ကြသဖြင့် ဒေါက်တာသည်လည်း အချိန်မဆိုင်းတော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြန်လာခဲ့သည်။ ထို့နောက်မှာတော့ ကြား ဖြတ်အစိုးရဖွဲ့စည်းကာ အစိုးရအကြီးအကဲတာဝန်ယူခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဦးဆောင်နေ ပါသည်။
ဒေါက်တာ ယူနွတ်စ် သည် စွန့်ဦးတီထွင် အသေးစားငွေစုငွေချေးဘဏ်လုပ်ငန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း က သန်းပေါင်းများစွာသောဆင်းရဲသားများအား ဆင်းရဲတွင်းကလွတ်မြောက်စေခဲ့သည့်အတွက် ၂၀၀၆ ခုနှစ် တွင် နိုဘယ်ဆုရရှိခဲ့သည်။
သူသည် သန်းပေါင်းများစွာသောဆင်းရဲသားများ၏ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသော်လည်း ဆင်းရဲသားများထံ က မတရားသွေးစုပ်ခြယ်လှယ်သည်ဟုဆိုကာ ရှိတ်ဟာဆီနာ၏ရန်လိုမုန်းထားခြင်းခံခဲ့ရသူလည်းဖြစ်သည်။
လက်ရှိအချိန်မှာတော့ နိုဘယ်ဆုရှင် ဒေါက်တာယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရလက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ခေတ်သစ်တစ်ခုကိုဖော်ဆောင်လာနေပြီဖြစ်ပြီး ယင်းအပေါ် ကမ္ဘာကြီးကလည်း မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်လျက်ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးကသောင်းကနင်း ဖြစ်ရပ်များနှင့် ကျောင်းသားလူငယ်များဦးဆောင်သော ဆန္ဒပြပွဲများကထွက်ပေါ်လာခဲ့သည့် ၎င်း၏ဦးဆောင်မှုက ပဋိပက္ခများရှည်ကြာစွာဖုံးလွှမ်းနေခဲ့သော ဒေသ တစ်ခုတွင် ဒီမိုကရေစီနှင့်တရားမျှတမှုအတွက် အောင်ပွဲများယူဆောင်လာတော့မည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒေါက်တာ ယူနွတ်စ် ၏ဦးဆောင်မှုဖြင့် နိုင်ငံ၏အတွင်းပိုင်းဝေဒနာများအား ပြန် လည်ကုသရန်နှင့် နိုင်ငံသစ်တည်ဆောင်ရန်ကြိုးစားနေသည်။ တစ်ချိန်တည်းမှာပင် ဒေါက်တာ ယူနွတ်စ် ၏ ခေါင်းဆောင်မှုသစ်နှင့်ပတ်သက်၍ အလွန်အရေးကြီးသောတောင်းဆိုချက်တစ်ရပ် တောင်းဆိုဖို့လည်းရှိနေ သည်။ ယင်းက အိမ်နီးချင်းမြန်မာနိုင်ငံအား တစ်ချက်မျှစောင်းငဲ့ကြည့်ရန်ဖြစ်သည်။
တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှု အောက်၌ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ထွန်းလင်းတောက်ပခဲ့ဖူးသည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၁ ရက် မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ အဆိုပါမျှော်လင့်ချက်ရောင်ခြည်များ ရုတ်ခြည်းပျောက် ကွယ်သွားခဲ့ပြီး ပရမ်းပတာ၊ ကသောင်းကနင်းဖြစ်ရပ်များဆီ ဦးတည်သွားခဲ့သည်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံသည် လူမျိုးသုဥ်းသတ်ဖြတ်မှုအစွန်းဘက်သို့ တဟုန်ထိုးတိုးဝင်သွားနေ သည်။ ရက်စက်ကြမ်းကြုတ်သောစစ်အာဏာရှင်စနစ်အောက်၌ မြန်မာပြည်သူထောင်သောင်းချီ အကျဥ်းချ ခံထားရသလို နှိပ်စက်ညှဥ်းပမ်းခြင်းနှင့် ကြိုးပေးကွပ်မျက်ခြင်းကဲ့သို့သော ကွပ်မျက်နည်းပေါင်းစုံကိုလည်း မျက်နှာချင်းဆိုင်နေရသည်။
ထိုသို့အကျဥ်းချခံထားရသူများတွင် မြန်မာ့လွတ်လပ်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေး၏သင်္ကေတတစ်ခု သ ဖွယ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်နေပြီး သူမ၏ကံကြမ္မာကိုလည်း ကောင်းသည်၊ ဆိုးသည် ဟု ကံသေကံမ မပြောနိုင်သေးပါ။ သေချာသည်ကတော့ သူမသည် ယခင်ကလည်း မြန်မာနိုင်ငံတွင် နှစ်ရှည် လများကြာအောင်အကျယ်ချုပ်ဘဝဖြင့်သာနေထိုင်ခဲ့ရသလို လက်ရှိတွင်လည်း ထပ်မံအကျဥ်းချခံထားရ ပြန်သဖြင့် ပင်ပန်းလွန်းနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ် ဖြတ်မှုများက နိုင်ငံတကာ၏အာရုံကိုဖမ်းဆုပ်နိုင်ခဲ့သည်။ အပယ်ခံလူမျိုးနွယ်စုတစ်စုအပေါ် မြန်မာစစ်တပ် ၏ကျူးလွန်မှုများက နိုင်ငံ၏ရက်စက်ကြမ်းကြုတ်မှုများနှင့် နှိပ်စက်ညှဥ်းပန်းမှုများအား ဖော်ထုတ်ပြသနေ ခြင်းသာဖြစ်သည်။
(အလှမ်းမဝေးသေးသောကာလများကိုပြန်ကြည့်မည်ဆိုပါက ရိုဟင်ဂျာဆိုသော စကားလုံးသည် မြန်မာနိုင် ငံ၌တရားဝင်ထုတ်ဖော်ရေးသားခွင့်မရခဲ့သော စကားလုံးတစ်လုံးဖြစ်သည်။ ထိုသို့ ရေးသားခွင့်မရအောင် လုပ်ဆောင်ခြင်းသည် မြန်မာ့အရေးအသားအတွင်း ရိုဟင်ဂျာဟူသောဝေါဟာရ ကျန်ရစ်နေခြင်းမရှိရလေ အောင်၊ မြန်မာ့အရေးအသားအတွင်းက အပြီးတိုင်ပျောက်ကွယ်သွားရလေအောင် ဘာသာစကားအားဖြင့် စနစ်တကျသုတ်သင်သတ်ဖြတ်ပစ်လိုက်ခြင်းသာဖြစ်သည်။ စာရေးသူမှတ်ချက်)
တကယ်တော့ အဆိုပါဖြစ်ရပ်ဆိုးကြီးက မြန်မာနိုင်ငံအား ဆယ်စုနှစ်များစွာကြာသည်အထိ ဒုက္ခရောက်ရှိစေ ခဲ့သော၊ စနစ်တကျစီစဥ်ထားသော အကြမ်းဖက်မှုကြီး၏ အစိတ်အပိုင်းတစ်ရပ်၊ ဇာတ်လမ်း၏အခန်းတစ် ခန်းမျှသာရှိပါသေးသည်။
ဆင်းရဲဒုက္ခများက ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုတည်းအတွက်တော့ မဟုတ်ခဲ့ပါ။ ယင်းဝေဒနာများက ရို ဟင်ဂျာများကိုကျော်လွန်ပြီး မြန်မာနိုင်ငံတွင်းရှိ အမျိုးမျိုးအဖုံဖုံသော တိုင်းရင်းသားများအပေါ်ကိုလည်း အကျိုးသက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်းရှိတိုင်းရင်းသားများသည် မြန်မာစစ်အာဏာရှင်များကပေး သော ဆင်းရဲဒုက္ခမျိုးစုံနှင့် ဖိနှိပ်မှုအမျိုးမျိုးတို့အား နှစ်ရှည်လများကြာအောင် ခံစားခဲ့ရပြီးဖြစ်သဖြင့် ယင်း အပေါ် ခံနိုင်ရည်ရှိပြီးသူများလည်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ – ARSA က မြန်မာစစ်တပ်၏တပ်စခန်းများအား စတင်တိုက်ခိုက်ခဲ့သဖြင့် မြန်မာစစ်တပ်ကတုံ့ပြန်ဖြေရှင်းခဲ့ရာကနေ ရိုဟင်ဂျာအရေးအခင်းပေါ်ပေါက်ခဲ့ရ သည်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏လူမျိုးသုဥ်းသတ်ဖြတ်မှုများအား ဖြေရှင်းရန်ကြိုးပမ်းခဲ့သည့် ဒေါ်အောင် ဆန်းစုကြည်၏ကြိုးစားအားထုတ်မှုများက အဟောသိကံဖြစ်သွားခဲ့သည်။ ရခိုင်ပြည်နယ်အကြပ်အတည်း အတွက်အဖြေရှာဖို့ကြိုးစားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဆိုင်ရာကတိ ကဝတ်များအား ကွယ်လွန်ခဲ့ပြီဖြစ်သော ကိုဖီအာနန်၏လေ့လာမှုတစ်ရပ်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထား ခဲ့သည်။ သို့သော် အဖြစ်အပျက်များက လျင်လျင်မြန်မြန်ပင်ဖြစ်ပွားသွားခဲ့ပြီး လူအများအပြားအိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ခေါင်းဆောင်သစ်ဖြစ်သူ ဒေါက်တာ ယူနွတ်စ် သည် ထူးခြားသောစွမ်းရည်တစ်ရပ်ကို ပိုင်ဆိုင်ထားပြီး ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူလည်းဖြစ်သည်။ ၎င်း၏နိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေပြီး ရိုဟင်ဂျာဒုက္ခသည်များ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရွှေ့ပြောင်းနေထိုင်မှုများကလည်း ဒေါက် တာယူနွတ်စ်၏နိုင်ငံငယ်လေးကို တိုက်ရိုက်ထိခိုက်စေပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ခေါင်းဆောင်မှုက ၎င်း၏နိုင်ငံနယ်နိမိတ်အတွင်း၌သာမက မြန်မာနိုင်ငံတွင်အကျဥ်းချ ခံထားရသော နိုင်ငံရေးအကျဥ်းသားများနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် လည်း အားကောင်းသောတွန်းအားတစ်ခုဖြစ်လာနိုင်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်ကပေးပို့ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ် ၏ပေးစာ၌ ဒေါက်တာ ယူနွတ်စ် ဦးဆောင်သောဘင်္ဂလားဒေ့ရှ်အစိုးသစ်သည် နိုင်ငံသားများအားလုံး အထူး သဖြင့် လူနည်းစုများအားကာကွယ်ပေးရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေသည့် ရိုဟင်ဂျာဒုက္ခသည် ၁ သန်း ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အထူးအလေးပေးဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများပြင်းထန်နေပြီး ရိုဟင်ဂျာ များအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုများ တဖန်ပြန်လည်ဖြစ်ပွားနေချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က အထက်ဖော်ပြပါစကားလုံးများအား ချိန်သားကိုက်အသုံးပြုခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်မှန်သောပြန်လည်သင့်မြတ်ရေးများပေါ်ပေါက်လာရန်နှင့် ရိုဟင်ဂျာများ ဘေးအန္တရာယ် ကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာ မိမိတို့ဇာတိမြေမြန်မာနိုင်ငံသို့ပြန်လာနိုင်ရေးအတွက် တစ်ခုတည်းသော မျှော်လင့် ချက်က ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူများက ဒီမိုကရေစီနည်း လမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရတစ်ရပ်လုံး၏ အမြန်ဆုံးလွတ်မြောက်ရေးပေါ် တည်မှီနေပါသည်။
ထိုသို့သော သမိုင်းဝင်မည့်အောင်မြင်မှုရရှိနိုင်မည့်သော့ချက်ကို ဒေါက်တာယူနွတ်စ်က ဆုပ်ကိုင်ထားလျက် ရှိပြီး ကောင်းမွန်သောရလဒ်ကောင်းများ ပေါ်ထွက်လာလိမ့်မည်ဟုလည်း မိမိတို့ယုံကြည်ထားပါသည်ဟု မစ္စတာအန်တိုနီယို ဂူတာရပ်စ်၏အဆိုပါပေးစာတွင်ဖော်ပြထားသည်။
ယနေ့ ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးတွင် အမှန်တရားဆိုသည်ကလည်း တည်ရှိနေပြီး ယင်းအမှန်တရား ဆိုသည်ကလည်း သတင်းမှားများ၊ အချက်အလက်မှားများကြောင့် ဝေဝါးသွားခဲ့ပြီပဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး စစ်တပ်ကိုလိုက်လျော လေ့ရှိသူဖြစ်သည်ဟု လူအများကကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တစ်ချိန်ကသူမပိုင်ဆိုင်ခဲ့ဖူးသော အမွေအနှစ်ကောင်းများအား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ရရှိထားသောအထောက်အထားများကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော အထက်ပါစွပ်စွဲ ပြောဆိုချက်များကို အခိုင်အမာငြင်းဆိုနေပါသည်။
မြန်မာနိုင်ငံ၏အခြေအနေက တင်းမာနေဆဲသာဖြစ်သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်ကြသော တရုတ် နှင့် ရုရှားကဲ့သို့သောနိုင်ငံများက မြန်မာပြည်တွင်းစစ်အတွက် လက်နက်များပံ့ပိုးပေးကာ ပဋိပက္ခများအား အရှိန်မြှင့်ပေးနေပြီး မြန်မာနိုင်ငံကို ချောက်ထဲတွန်းပို့နေသည်။ ယခုမှတော့ ကမ္ဘာကြီးကလည်း နှာစေးနေ၍ မရတော့။ မျက်စိစုံမှိတ်ထား၍မရတော့။
ဖော်ပြခဲ့သောအခြေအနေများကြောင့်လည်း မြန်မာပြည်သူများ ကိုယ်စား ဒေါက်တာယူနွတ်စ်အား အလေး အနက်မေတ္တာရပ်ခံလိုသည်မှာ ၎င်း၏ဦးဆောင်မှုက မြန်မာနိုင်ငံ ၏သမိုင်းကြောင်းကို ပြောင်းလဲပေးနိုင်စွမ်း ရှိနေသဖြင့် ထိုသို့သော ရှားရှားပါးပါးအခွင့်အရေးအား အမြန်ဆုံးဆုပ်ကိုင်လိုက်ဖို့ဖြစ်သည်။
မြန်မာနိုင်ငံ၏အပြောင်းအလဲများအတွက် ဒေါက်တာယူနွတ်စ်ထံတွင် စွမ်းအားများရှိနေသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ မကြာသေးခင်ကအောင်ပွဲသည် ရဲစွမ်းသတ္တိနှင့် အသိတရားပေါင်းစည်းနိုင်ခဲ့ခြင်းအတွက် ထင် သာမြင်သာသောပြယုဂ်လည်းဖြစ်သည်။ တကယ်တော့ ရဲစွမ်းသတ္တိရှိရုံမျှဖြင့် အောင်ပွဲမရနိုင်ပါ။ အသိ တရားလည်း ပါဝင်ဖို့လိုပါသေးသည်။
ဘင်္ဂလားဒေ့ရှ်ပြည်သူများနည်းတူ မြန်မာပြည်သူများသည်လည်း လွတ်လပ်ရေး၊ တရားမျှတမှုနှင့် ဒီမိုကရေ စီပြန်လည်ထူထောင်ရေးများအား တောင့်တနေကြသူများဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ စစ်တပ်က မတရားဖမ်းဆီးထောင်ချခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံက ထောင်ချီ သောနိုင်ငံသားအကျဥ်းသားများပြန်လည်လွတ်မြောက်ရေးက မြန်မာ့အနာဂတ်အတွက် မရှိမဖြစ်လိုအပ် သောအရာတစ်ခုဖြစ်ရုံမျှသာမဟုတ်၊ လောကအတွက် မရှိမဖြစ်လိုအပ်သော ကျင့်ဝတ်တစ်ခုလည်းဖြစ် သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်လမ်းကြောင်းပေါ် မယိုင်မလဲလျှောက်လှမ်းနေချိန်မှာပဲ မြန်မာနိုင် ငံ၏ တရားမျှတမှုနှင့် လွတ်လပ်မှုအတွက်လည်း တာဝန်ခံနိုင်သူဖြစ်ဖို့လိုသည်။ လက်ရှိမိမိတို့ကြုံနေရသော အခိုက်အတန့်ကလေးသည် ရဲရင့်သောခေါင်းဆောင်မှုနှင့် (လူသားများအားလုံးကို ပေါင်းစည်းပေးနိုင်သည့်) စောင့်ထိန်းရမည့်အခြေခံမူများအပေါ် မယိမ်းယိုင်သောကတိကဝတ်များ ဖော်ပြရမည့်အချိန်သာဖြစ်ပေ တော့သည်။
ကိုးကား – Dhaka’s role in Myanmar’s crisis