![]()

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ဘက်ခြမ်းတွင် တိုက်ပွဲများပြင်းထန်နေစဉ် လက်နက်ကြီးကျည်စများ ထိုင်းဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ထိုင်းစစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည်၍ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်ခန့်က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းကျေးရွာ လူနေအိမ်ခြေများပေါ်သို့ မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး ကျော်ကျပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံသားပိုင် နေအိမ် လေးလုံးနှင့် ကားတစ်စီး ဗုံးစထိမှန် ပျက်စီးခဲ့သော်လည်း ရွာသူရွာသားများ ထိခိုက်မှုမရှိဟု ဒေသခံများထံမှသိရသည်။
ထိုကဲ့သို့ ထိုင်းပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်ဘက်ကလည်း လက်နက်ကြီးဖြင့် သတိပေး မီးခိုးဗုံး တစ်လုံးကို ချက်ချင်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် မဲဆောက်မြို့ တောင်ဘက်ခြမ်း၊ မဟာ၀မ်ကျေးရွာအုပ်စုနှင့် မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်း ဖလူး၊ ဝေါလေ ဒေသအနီးဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေ တင်းမာနေသည်မှာ ရက်ပိုင်းကြာမြင့်နေပြီဖြစ်သည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများ အလွန်အကျွံ အသုံးပြုနေခြင်းကြောင့် နယ်စပ်ဖြတ်ကျော် ကျရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တိုက်ပွဲပြင်းထန်မှုကြောင့် မြန်မာဘက်ခြမ်းမှ စစ်ဘေးရှောင် ၁၅၀ ဝန်းကျင်မှာလည်း ထိုင်းနိုင်ငံဘက်သို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

Photo – ထိုင်းသတင်းဌာန
#မြန်မာ #ထိုင်း #လက်နက်ကြီးကျည်ကျ #ပြန်သတိပေးပစ်ခတ် #ThanLwinKhetNews
