ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၃၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁) ဦး သေဆုံးခဲ့ပြီး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ညနေ (၅) နာရီခွဲတွင် စစ်ကောင်စီ ခလရ-၂၃ တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကုံးစုံ (လီဆူ) ရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၄၇) နှစ်ရှိ ကိုကျော်မြင့်ဆိုသူမှာ နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လ(၃၁) ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး အသက် (၅၂) နှစ်ရှိ ဒေါ်စိန်ပွင့်ဆိုသူမှာ နှလုံးတည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၂) ဦး သေဆုံးခဲ့ရပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- PSLF/TNLA